News

06-May-2018

ရန်ကုန် ပဲ
ပဲစင်းငုံ လုံးဝမစိုက်ပျိုးသင့်ဟု ပဲနှမ်းအသင်းအကြံပြု
ရန်ကုန်၊ မေ ၅

ပြည်ပမှ ပဲဝယ်ယူမှုလျော့ကျခဲ့သောကြောင့် ပဲစင်းငုံကို သိုလှောင်ရုံများတွင် အပြည့်အလျှံသိုလှောင်ထားရသဖြင့် မိုးစပါးစိုက်ပျိုးပြီးချိန်တွင် ပဲစင်းငုံ (2019 Crop) များကို စီးပွားဖြစ်လုံးဝမစိုက်ပျိုးသင့်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက အကြံပြုထုတ်ပြန်သည်။ 

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ ပဲဝယ်ယူမှုကို ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက စတင်ကန့်သတ်လိုက်ခြင်းဖြစ်ပြီး ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ရက် ကုန်ဆုံးချိန်ဖြစ်သည့် ၂၀၁၈ ခုနှစ် မတ်လကုန်ပိုင်းတွင်လည်း ကန့်သတ်မှုကို ဖြေလျှော့ပေးရန်အတွက် အိန္ဒိယအစိုးရဘက်က ကြေညာချက်တစ်စုံတစ်ရာထွက်ရှိခြင်း၊ အကြောင် ပြန်ခြင်းမရှိကြောင်း ယင်းအသင်းထံမှ သိရသည်။ 

မြန်မာနိုင်ငံ၏ ပဲစင်းငုံဈေးနှုန်းများမှာ စိုက်ပျိုးစရိတ်အောက် ဈေးနှုန်းများကျဆင်းလျက်ရှိပြီး ပြည်ပမှလည်း ဝယ်ယူမှု လျော့ကျလျက်ရှိသောကြောင့် ပြည်တွင်းပဲကုန်သည်များအနေနှင့် ချေးငွေများဖြင့်ဝယ်ယူ၍ သိုလှောင်ရုံများတွင် အပြည့်အလျှံ သိုလှောင်ထားရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း၊ ထို့ကြောင့် လက်ကျန်ပဲစင်းငုံများ တင်ပို့ရန် ခက်ခဲနေသည့်အချိန်တွင် ထပ်မံ၍ စိုက်ပျိုးထုတ်လုပ်ပါက ပိုမိုဖြေရှင်းရခက်သည့် အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပဲနှမ်းအသင်းက ပဲစင်းငုံကို လုံးဝ မစိုက်ပျိုးသင့်တဲ့အကြောင်း ကုန်စည်ဒိုင်တွေကလည်း တရားဝင် စာထွက်လာပြီ။ ဒီနှစ်ထပ်စိုက်ရင် ပြည်ပမပို့ရဘဲ ပဲတွေက ထပ်တိုးလာတော့မှာ။ အခုတောင်မှ တောင်သူတွေက စိုက်စရိတ်တောင် မကာမိဘဲ ရနေတဲ့ အခြေအနေဆိုတော့ အဆင်မပြေတော့ဘူး။ ဒါကြောင့် တောင်သူတွေကိုလည်း မစိုက်သင့်တဲ့အကြောင်း အသိပေးရမှာပေါ့”ဟု မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း အတွင်းရေးမှူး ဦးအောင်ကျော်ကျော်က ပြောကြားသည်။ 

တောင်သူများအနေနှင့် ပဲစင်းငုံ (2019 Crop) များကို စိုက်ပျိုးထုတ်လုပ်ရန် လုံးဝမသင့်တော်တော့ဘဲ မိမိစိုက်ပျိုးမြေနှင့် ကိုက်ညီမည့် အခြားဈေးကွက်ရှိ ဆီထွက်သီးနှံနှင့် ပဲအမျိုးအစားများကို ပြောင်းလဲစိုက်ပျိုးသင့်ကြောင်း၊ ပဲစင်းငုံ (2020 Crop) စိုက်ပျိုးရန်သင့်၊ မသင့်ကို ၂၀၁၉ ခုနှစ် စိုက်ပျိုးချိန်အမီ သုံးသပ်သင့်ကြောင်း၊ ဧပြီလ ၂၈ ရက်နေ့ကပြုလုပ်သည့် ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ အထူးလုပ်ငန်း အဖွဲ့အစည်းအဝေးတွင် အဖွဲ့ဝင်များ၊ ပညာရှင်များ၏အကြံပြုချက်ဖြင့် အသိပေး ထုတ်ပြန်ခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ 

အိန္ဒိယအစိုးရအနေနှင့် ဆယ်စုနှစ်ပေါင်းများစွာက ၎င်းတို့၏ ပြည်တွင်းပဲ စိုက်ပျိုးထုတ်လုပ်မှု နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ပြည်ပမှပေါက်ဈေးဖြင့် တင်သွင်းခဲ့သော်လည်း ယခုနှစ်မှစ၍ လုံးဝပိတ်ပင်သည့်နည်းလမ်းကို ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လ ၁၉ ရက်နေ့က ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့နှင့် အိန္ဒိယအစိုးရမှ တာဝန်ရှိသူများ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ တွေ့ဆုံဆွေးနွေးရာတွင် ပြည်တွင်းမှ ပဲစင်းငုံတန်ချိန်နှစ်သိန်းကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ဝယ်ယူပေးရန် တောင်းဆိုခဲ့ကြောင်း ပဲနှမ်းအသင်းထံမှ သိရသည်။ 

J-11



FOLLOW US