News

03-May-2018

ဈေးကွက် ပဲ
မတ်ပဲဈေးကွက်ထိန်းညှိပေးရန် အစိုးရထံတင်ပြမည်
ဟင်္သာတ၊ မေ ၂

၂၀၁၉ ခုနှစ် မတ်ပဲစိုက်ရာသီအတွက် တောင်သူများနစ်နာမှုမရှိစေရန်နှင့် ဈေးကွက်ထိန်းညှိတာဝန်ယူပေးနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲစိုက်တောင်သူများက အစိုးရအဖွဲ့အဆင့်ဆင့်ထံ တင်ပြမည်ဖြစ်ကြောင်း ဟင်္သာတအခြေစိုက် ဒေသဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးကျော်လွင်က ပြောကြားသည်။

တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအလိုက် မတ်ပဲစိုက်တောင်သူများ စုစည်းကာ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် အစိုးရအဖွဲ့အဆင့်ဆင့်ထံ တင်ပြမေးမြန်းမည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ တင်ပြနိုင်ရန်အတွက် တောင်သူတွေ့ဆုံဆွေးနွေးပွဲများ ဦးစွာပြုလုပ်မှာဖြစ်ပြီး မေလအတွင်းတင်ပြနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်နေချိန်ကာလအတွင်း မတ်ပဲဈေးကွက်ကို ထိန်းညှိတာဝန်ယူပေးနိုင်ခြင်း ရှိ မရှိဆိုသည့် အစိုးရအဖွဲ့၏ တိကျသောအဖြေများ ရရှိရန်လိုအပ်ပြီး တာဝန်ယူနိုင်မှုမရှိပါက မိုးစပါးပြီးချိန် မတ်ပဲအစားထိုးသီးနှံများ ဒေသအလိုက် ရွေးချယ်ကြရမည်ဖြစ်ကြောင်း၊ ယင်းအပြင် မတ်ပဲကြောင့် နစ်နာဆုံးရှုံးမှုများအတွက် ကူညီထောက်ပံ့ပေးနိုင်ရေး ထည့်သွင်းစဉ်းစားပေးရန် တင်ပြမည်ဖြစ်ကြောင်း ဦးကျော်လွင်က ဆက်လက်ပြောကြားသည်။ 

ယင်းသို့တင်ပြနိုင်ရန် ဧရာဝတီတိုင်းအတွင်းရှိ မတ်ပဲစိုက်တောင်သူများအပါအဝင် လယ်သမားအရေးလှုပ်ရှားသည့် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လယ်သမားအရေး ဦးဆောင်လှုပ်ရှားသူများနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူလည်းဖြစ်၊ မတ်ပဲစိုက်ပျိုးထုတ်လုပ်သူလည်းဖြစ်သည့် ဦးသောင်းစိန်က ပြောကြားသည်။

၂၀၁၈ ခုနှစ် မတ်ပဲခူးဆွတ်ရာသီ၌ ဆိုးရွားစွာကျဆင်းခဲ့သည့် မတ်ပဲဈေးကြောင့် တောင်သူများနစ်နာခဲ့ရမှုအပေါ် အစိုးရအဖွဲ့က ပြန်လည်ကူညီပေးနိုင်ရန်လိုအပ်နေကြောင်း၊ ဒေသအချို့မှ တောင်သူအချို့သည် မတ်ပဲစိုက်ခင်းများကို စွန့်ပစ်ရသည့် အခြေအနေများဖြစ်ပေါ်ခဲ့ကြောင်း၊ ခူးဆွတ်ရောင်းချသူ တောင်သူအများစုအနေနှင့်လည်း စိုက်ပျိုးစရိတ်အရင်းအနှီးပင် ပြန်မရသည့်အထိ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အစိုးရအဖွဲ့အနေနှင့် ပြန်လည်ကူညီပေးနိုင်ရန် ဦးစားပေးစဉ်းစားသင့်ကြောင်း ၎င်းက ပြောဆိုသည်။

မတ်ပဲအစားထိုးသီးနှံများကို ရွေးချယ်စိုက်ပျိုးရန် ဖြစ်နိုင်ခြေရှိသော်လည်း စိုက်ပျိုးရေ လုံလောက်ရန် လိုအပ်ချက်ရှိကြောင်း၊ လယ်မြေများအတွင်း ရေတွင်းများတူး ဖော်ရန်ဆိုသည်မှာလည်း အရင်းအနှီး လိုအပ်ချက်ရှိသောကြောင့် တောင်သူအများစုအတွက် အဆင်မပြေနိုင်ကြောင်း၊ အစိုးရ၏ ကူညီထောက်ပံ့မှုဖြင့်သာ အဆင်ပြေနိုင်ကြောင်း ဟင်္သာတမြို့နယ်၊ ယုံသလင်းကျေးရွာအုပ်စုရှိ တောင်သူဦးအောင်ဖြိုးက သုံးသပ်ပြောကြားသည်။

ထို့ပြင် အစေ့ထုတ်ပြောင်းကဲ့သို့ အစားထိုးသီးနှံစိုက်ပျိုးရန်အတွက်လည်း အစိုးရအဖွဲ့အနေနှင့် တောင်သူများအတွက် ပူးပေါင်းကူညီပေးသင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက ပြောဆိုသည်။ 

R-13




FOLLOW US