News

15-Mar-2018

ဈေးကွက် ပဲ
မတ်ပဲဈေးကျ၍ ပြည်နှင့် သရက်ခရိုင်များအတွင်း ပဲမနုတ်


ပြည်၊ မတ် ၁၄

ပဲခူးတိုင်း ပြည်ခရိုင်နှင့် မကွေးတိုင်း သရက်ခရိုင်အတွင်း မတ်ပဲနုတ်ချိန် ရောက်ရှိနေပြီဖြစ်သော်လည်း ဈေးကျဆင်းခြင်းနှင့် အထွက်နှုန်း နည်းပါးနေခြင်းတို့ကြောင့် ပဲစိုက်တောင်သူများ နုတ်သိမ်းခြင်းမပြုကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ဖေဖော်ဝါရီ နှောင်းပိုင်းနှင့် မတ်လဆန်းပိုင်းများမှစတင်ကာ မတ်ပဲနုတ်သိမ်း ရာသီစတင်နေပြီဖြစ်ပြီး လက်ရှိပေါက်ဈေးမှာ နိမ့်ကျခြင်းနှင့် အချို့ဒေသများတွင် နောက်ကျမိုးကောင်းခဲ့သည့်အတွက် ပဲပုပ်ကာ အထွက်နှုန်းလည်း လျော့ကျလျက်ရှိကြောင်း ၎င်းတို့က ဆိုသည်။

“မတ်ပဲဈေးက (တစ်တင်းကို) ရှစ်ထောင် တစ်သောင်းဈေးပဲ ရှိတယ်။ မတ်ပဲ၊ ပဲစင်းငုံတစ်သောင်း တစ်ပတ်လည်ပဲ ရှိတယ်။ တော်တော်ဆိုးတယ်။ အောင်လံ၊ တောင်တွင်းကြီးတို့ဆို လုပ်အားခနဲ့ မကာမိလို့ဆိုပြီး အခင်းတွေတောင် မရိတ်ဘဲထားတယ်”ဟု အောင်လံမြို့နယ် စစ္စရံကျေးရွာမှ တောင်သူ ဦးသန်းဦးက ပြောဆိုသည်။

အဆိုပါမတ်ပဲ၊ ပဲစင်းငုံအခင်းများ နုတ်မည်ဆိုပါက နုတ်ခနှင့် စက်ခြွေခပါ ကုန်ကျမည်ဖြစ်၍ အခင်းအတိုင်း ပစ်ထားရကြောင်း၊ အငှားဖြင့်နုတ်မည်ဆိုပါကလည်း အငှားသမားနှင့် သိမ်းပြီးမှ စက်မှာခြွေရမည်ဖြစ်ခြင်းကြောင့် အရှုံးပေါ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီနှစ်ကတော့ မတ်ပဲက အထွက်လည်းနည်း၊ ဈေးလည်းကျတယ်။ ကျွန်တော်တို့ဆီမှာ လာရောင်းတဲ့သူတောင် နည်းသွားတယ်။ ဈေးကျတော့မရောင်းဘူး။ အကြွေးပူတဲ့ လူလောက်ပဲ လာရောင်းတာ၊ ကျန်တဲ့သူက လှောင်ထားကြတယ်”ဟု မိုးညိုမြို့မှ ပွဲရုံလုပ်ငန်းရှင် ဦးဇော်ကြီးက ပြောဆိုသည်။

လက်ရှိပြည်ခရိုင်အတွင်း မတ်ပဲတစ်တင်းလျှင် ၁၆၃၀၀ ကျပ်မှ ၁၆၄၀၀ ကျပ် ဈေးရှိပြီး မကွေးတွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၁၅၀၀၀ ဈေးသာရရှိကြောင်း အဆိုပါ ပဲဈေးကွက်များအတွင်းမှ သိရသည်။

ပဲခူးတိုင်းအတွင်း သာယာဝတီခရိုင်ရှိ မြို့နယ်များ၊ မကွေးတိုင်း သရက်ခရိုင်ရှိ မြို့နယ်များတွင် ယခင်နှစ်များက မတ်ပဲစိုက်ပျိုးသူ အများအပြားရှိခဲ့သော်လည်း ပြီးခဲ့သည့်နှစ်မှစတင်ကာ ဈေးနှုန်းကျဆင်းခဲ့မှုကြောင့် အစားထိုးသီးနှံများ စိုက်ပျိုးခဲ့သော်လည်း အလားတူဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း အဆိုပါဒေသခံ တောင်သူများထံမှ သိရသည်။ 

M-06




FOLLOW US