News

မတ်ပဲတစ်တန် ကျပ်ရှစ်သောင်းကျော် ဈေးကျ
ရန်ကုန်၊ မတ် ၁

ဆက်တိုက်ကျနေသော ပဲဈေးနှုန်းများသည် တစ်လအတွင်း မတ်ပဲတစ်တန်လျှင် ကျပ်ရှစ်သောင်းကျော်အထိ ကျဆင်းကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ တတိယပတ်အတွင်းကထက် ပဲစင်းငုံတစ်တန်လျှင် ကျပ်လေးသောင်းကျော်အထိ ကျဆင်းပြီး မတ်ပဲတစ်တန်လျှင် ကျပ်သုံးသောင်းမှ ငါးသောင်းအထိကျဆင်းကြောင်း၊ ထို့ကြောင့် ဖေဖော်ဝါရီတစ်လအတွင်း ပဲစင်းငုံတစ်တန်လျှင် ကျပ် ရှစ်သောင်းကျော်နှင့် မတ်ပဲတစ်တန်လျှင် ကျပ်ခြောက်သောင်းမှ ကိုးသောင်းနီးပါးအထိ ကျဆင်းကြောင်း အဆိုပါပဲဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါပဲဈေးနှုန်းများသည် ဖေဖော်ဝါရီလ ပထမပတ်အတွင်းက ဈေးနှုန်းများ မြင့်တက်နေရာမှ ဆက်တိုက်ဆိုသလို ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

“အစကတော့ ဒီမတ်လကုန်၊ ဧပြီလဆန်းလောက်မှာ အိန္ဒိယက ပြန်ဖွင့်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အဝယ်တွေတော်တော်ဆင်းခဲ့တယ်။ ပြီးတော့ တချို့နိုင်ငံတွေကလည်း ဝယ်ခဲ့တာကြောင့် ဈေးတက်ခဲ့ပေမယ့် အခုအရောင်းအဝယ်က အိန္ဒိယဘက်က မကျိန်းသေမှာစိုးတာကြောင့် အဝယ်ရပ်သွားတဲ့အတွက် ဈေးတွေပြန်ကျလာတာပါ”ဟု ပဲကုန်သည်တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မတ်လအတွင်း မတ်ပဲသစ်များပေါ်ပေါက်လာနိုင်သည့်အတွက် ထိုသို့ ဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်ပြီး အိန္ဒိယအခြေအနေပေါ်မူတည်၍ ဆက်လက်ကျဆင်းနိုင်ခြေရှိကြောင်း ကုန်သည်များက ဆိုသည်။

လက်ရှိပဲဈေးကွက်အတွင်း ပဲစင်းငုံတစ်တန်လျှင် ကျပ် ၃၈၈,၀၀၀၊ မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၅၀၈,၀၀၀ နှင့် မတ်ပဲ (SQ) တစ်တန်လျှင် ကျပ် ၆၂၈,၀၀၀ ဈေးရှိကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။

S-04



FOLLOW US