News

တပ်မတော်ရိက္ခာအတွက် ပဲစင်းငုံတိုးဝယ်သော်လည်း ဈေးအေး
မန္တလေး၊ ဖေဖော်ဝါရီ ၂၅

တပ်မတော်ရိက္ခာအတွက် လေလံအောင်ထားသူများက ပဲစင်းငုံတင်းပေါင်း လေးသိန်းခန့်အထိတိုး၍ ဝယ်ယူသော်လည်း ပဲစင်းငုံဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင်ထံမှ သိရသည်။ 

လေလံအောင်ထားသူများက ကုလားပဲအစား ပဲစင်းငုံနှင့်မတ်ပဲများကို ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ ဝယ်ယူနေခြင်းဖြစ်ပြီး စတင်ဝယ်ယူသည့် ရက်ပိုင်းအတွင်းက အနည်းငယ်ဈေးတက်ခဲ့သော်လည်း လက်ရှိတွင် ဈေးပြန်အေးသွားကြောင်း မန္တလေးကုန်စည်ဒိုင် ဘဏ္ဍာရေးမှူး ဦးမျိုးဆွေက ပြောကြားသည်။

“တပ်ရိက္ခာအတွက် လေလံရသူတွေ ဝယ်ကြတာပါ။ ဒီဘက်နှစ်ပိုင်းမှာ ပဲစင်းငုံတို့၊ မတ်ပဲတို့က အိန္ဒိယဈေးကွက်ရှိခဲ့တော့ ဈေးကမြောက်တယ်။ တပ်က ပဲစင်းငုံမသုံးတာကြာပြီ။ အိန္ဒိယကပဲစင်းငုံ အဝယ်ပိတ်လိုက်တော့ ဈေးတော်တော်ကျသွားတယ်။ အဲဒီတော့ တပ်က ကုလားပဲမဝယ်ဘဲ ပဲစင်းငုံပြောင်းသုံးပါတယ်။ ဒါပေမဲ့ ဈေးကအေးနေတယ်”ဟု ၎င်းက ပြောဆိုသည်။

အိန္ဒိယနိုင်ငံအနေနှင့် ၂၀၁၇ ခုနှစ်အတွင်းကစ၍ မြန်မာနိုင်ငံထွက် ပဲစင်းငုံများကို တင်သွင်းခွင့်မပြုတော့သည့်အတွက် ပြည်တွင်းဈေးကွက်တွင် တစ်အိတ်လျှင် ကျပ်သုံးသောင်းဝန်းကျင်အထိ ဈေးကျသွားခဲ့သည်။ 

၂၀၁၇ ခုနှစ်အတွင်းက ထွက်ရှိခဲ့သည့် ပဲစင်းငုံများကို ပဲပွဲစားများက ဝယ်ယူသိုလှောင်ထားကြရာ ၂၀၁၈ ခုနှစ်ထွက်သည့် ပဲစင်းငုံသစ်များကို ထပ်မံ သိုလှောင်နိုင်ခြင်းမရှိတော့၍ တောင်သူများလည်း အရှုံးနှင့်ရင်ဆိုင်ရနိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်နေကြသည်။ 

ဖေဖော်ဝါရီလဆန်းပိုင်းက ပဲစင်းငုံ တစ်အိတ်လျှင် ၄၀,၀၀၀ ကျပ်ခန့်အထိ ဖြစ်သွားခဲ့သော်လည်း ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ၃၀,၀၀၀ ကျပ်ခန့်သာရတော့ပြီး ၂၉,၀၀၀ ကျပ်အထိ ဈေးကျသွားခဲ့သည့်နေ့များပင် ရှိနေကြောင်း ပဲကုန်သည်များထံမှ သိရသည်။ 

တပ်မတော်ရိက္ခာအတွက် ပဲစင်းငုံများစတင်ဝယ်ယူခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက တစ်အိတ်လျှင် ကျပ် ၄၀,၀၀၀ ကျော် ဈေးရခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပဲစင်းငုံအနီ (အသန့်) တစ်အိတ်လျှင် ၃၀,၀၀၀ မှ ၃၃,၀၀၀ ကျပ်ခန့်သာ ဈေးပေါက်ပြီး ပဲစင်းငုံအဖြူတစ်အိတ်လျှင် ၄၀,၀၀၀ ကျပ်ခန့်ဈေးရရှိကြောင်း ပဲကုန်သည်များနှင့် ကုန်စည်ဒိုင်ထံမှ သိရသည်။

M-04



FOLLOW US