News

ရန်ကုန်ဈေးကွက်သို့ ပဲစင်းငုံသစ် စဝင်
ရန်ကုန်၊ ဇန်နဝါရီ ၁၅

စတင်ထွက်ရှိနေပြီဖြစ်သော ပဲစင်းငုံအသစ်များသည် ရန်ကုန်ဘုရင့်နောင် ပဲဈေးကွက်သို့ စတင်ဝင်ရောက် ရောင်းချနေပြီဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ထို့ကြောင့် ပဲစင်းငုံအဟောင်းဈေး ကျဆင်းနေပြီး အသစ်မှာ အဟောင်းထက် အရည်အသွေးကောင်းမွန်ခြင်းကြောင့် ဈေးပိုမြင့်နေကြောင်း ပဲကုန်သည်များထံမှ သိရသည်။

“ ပဲစင်းငုံအဟောင်းက ညိုနေပြီ။ အသစ်က အရောင်လှတယ်လေ”ဟု ပဲကုန်သည် ဦးဇော်မိုးက ပြောဆိုသည်။

လက်ရှိပဲဈေးကွက်အတွင်း ပဲစင်းငုံအသစ်နှင့် အဟောင်းဈေးသည် တစ်တန်လျှင် ကျပ် ၄၀,ဝ၀၀ ခန့် ကွာဟပြီး နယ်ဈေးကွက်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းကထက် အရောင်းအဝယ်ကောင်းမွန်ခြင်းကြောင့် ပဲစင်းငုံအသစ် ဈေးနှုန်းများမြင့်တက်ကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိပဲဈေးကွက်အတွင်း ပဲစင်းငုံသစ်များ ပေါ်လာခြင်းကြောင့် အဟောင်းဈေးနှုန်း ဆက်တိုက်ကျဆင်းသကဲ့သို့ မတ်ပဲဈေးနှုန်းမှာလည်း ပဲကြိုတင်ဝယ်ယူသူ လျော့ကျလာခြင်းကြောင့် ဈေးဆက်တိုက်ကျဆင်းကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိနယ်ပဲဈေးကွက်အတွင်း ပဲစင်းငုံသစ် တစ်တင်းလျှင် ကျပ် ၁၁၃၀၀ မှ ၁၂၃၀၀ အထိရှိပြီး ရန်ကုန် ဈေးကွက်အတွင်း ပဲစင်းငုံသစ် တစ်တန်လျှင် ကျပ် ၄၀၀,ဝ၀၀ ခန့်၊ ပဲစင်းငုံ အဟောင်း တစ်တန်လျှင် ၃၆၄,ဝ၀၀ ခန့်၊ မတ်ပဲ (FAQ) တစ်တန်လျှင် ၅၄၂,ဝ၀၀ ခန့်နှင့် မတ်ပဲ (SQ) တစ်တန်လျှင် ၆၉၀,ဝ၀၀ ခန့် ဈေးရှိကြောင်း အဆိုပါပဲဈေးကွက်အတွင်းမှ သိရသည်။

S-04



FOLLOW US