News

20-Dec-2017

ဧရာဝတီ ပဲ
ဧရာဝတီတိုင်းတွင် ပဲစားပွဲတော် ကျင်းပမည်
ဟင်္သာတ၊ ဒီဇင်ဘာ ၁၉

မတ်ပဲ၊ ပဲတီစိမ်းအပါအဝင် ပဲစင်းငုံတို့ဖြင့် ပြုလုပ်ထားသည့် ဟင်းလျာ၊ မုန့်မျိုးစုံနှင့် အကြော်အလှော်များ တည်ခင်းသည့် ပဲစားပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီးတွင် ဇန်နဝါရီလ ဒုတိယပတ်၌ ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ဟင်္သာတခရိုင် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

အဆိုပါပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် ဟင်္သာတ ကုန်စည်ဒိုင်တို့က ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက ပြောကြားသည်။

အဆိုပါပွဲတော်နေ့တွင် ဟင်္သာတမြို့ ဓမ္မဗိမာန် နိုဘယ်စကူးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ သံဃာတော်များ၊ ပရဟိတ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် လူမှုအဖွဲ့အစည်းများအတွက် ပဲမျိုးစုံဖြင့် ပြုလုပ်ထားသည့် မုန့်နှင့် ဟင်းလျာများကို လှူဒါန်းမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ 

“ပဲစင်းငုံကို ပဲဟင်းချက်မယ်။ မတ်ပဲ၊ ပဲတီစိမ်းကို ဗယာကြော်အပါအဝင် မုန့်မျိုးစုံနဲ့ ဟင်းလျာတွေပြုလုပ်မယ်” ဟု ဦးမြင့်သိန်းဦးက ဆိုသည်။ 

ယင်းကဲ့သို့ ပဲစားပွဲတော် ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် ပဲမျိုးစုံမှာ အန္တရာယ်ကင်းရှင်းကြောင်းနှင့် ဒေသခံများကိုယ်တိုင် မုန့်မျိုးစုံ၊ ဟင်းလျာမျိုးစုံ ဖန်တီးလုပ်ကိုင် စားသောက်တတ်စေရန် ရည်ရွယ်ကြောင်း အဆိုပါပွဲစီစဉ်သူများထံမှ သိရသည်။ 

R-13



FOLLOW US