News

15-Dec-2017

ပဲ
မတ်ပဲအသစ်မပေါ်မီ လက်ကျန်မတ်ပဲများ ထုတ်ရောင်းသင့်ဟု ပဲ၊ နှမ်း ဥက္ကဋ္ဌ အကြံပြု
ဟင်္သာတ၊ ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တောင်သူများလက်ဝယ်၌ ကျန်ရှိနေသေးသော မတ်ပဲအဟောင်းလက်ကျန်များကို ရောင်းချရန် ဆန္ဒရှိမည်ဆိုပါက မတ်ပဲအသစ်မပေါ်မီ လက်ရှိပေါက်ဈေးဖြင့် ရောင်းချသင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက ပြောကြားသည်။

ပြည်ပဝယ်လိုအား မရှိမီကာလအတွင်း မတ်ပဲအသစ်များ ထပ်မံပေါ်ထွက်လာပါက လက်ရှိပေါက်ဈေးထက် ထပ်မံ ကျဆင်းနိုင်မည်ဖြစ်ရာ ငွေကြေးလိုအပ်ချက်အရ ရောင်းချရန် စောင့်ဆိုင်းနေသည့် တောင်သူများအနေနှင့် လက်ရှိပေါက်ဈေးသည် ရောင်းချသင့်သော ဈေးနှုန်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။ 

မတ်ပဲအသစ်ပေါ်ချိန်ဖြစ်သည့် ဖေဖော်ဝါရီလနှင့် မတ်လများတွင် ဈေးနှုန်းကျဆင်းလေ့ရှိသော်လည်း ပြည်ပဝယ်လိုအား ရှိပါက ဈေးတက်နိုင်ကြောင်း၊ ဧရာဝတီတိုင်းရှိ တောင်သူများအနေနှင့် ၂၀၁၇ ခုနှစ်၊ မတ်ပဲစိုက်ရာသီ၌ ၃၅ ရာခိုင်နှုန်းခန့် စိုက်ဧက လျှော့ချခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။ 

ဟင်္သာတခရိုင်တစ်ခုလုံး အတိုင်းအတာဖြင့် မတ်ပဲဟောင်းလက်ကျန် တစ်တင်းခွဲအိတ်ရေ နှစ်သိန်းဝန်းကျင်ရှိနိုင်သေးကြောင်း၊ ဧရာဝတီတိုင်းတစ်ခုလုံး အတိုင်းအတာဖြင့် အရောင်းအဝယ် အစည်ကားဆုံးဖြစ်သည့် ဟင်္သာတကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့မတိုင်မီ မတ်ပဲဈေးတက်စဉ်ကာလ၌ နေ့စဉ် တစ်တင်းခွဲအိတ်ရေ ခုနစ်ထောင်ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ပြီးနောက် မတ်ပဲဈေး ပြန်လည်ကျဆင်းချိန်ဖြစ်သည့် ဒီဇင်ဘာ လ ၁၄ ရက်နေ့ဝန်းကျင်၌ နေ့စဉ်အိတ်ရေ ငါးထောင်ဝန်းကျင်သာ အရောင်းအဝယ်ဖြစ်ကြောင်း ဟင်္သာတကုန်စည်ဒိုင်ထံမှ သိရသည်။ 

ယခုဒီဇင်ဘာလဆန်းပိုင်း၌ မတ်ပဲ တစ်တင်းလျှင် တစ်သောင်းခြောက်ထောင် ကျပ်ဖြင့်လည်းကောင်း၊ ဒီဇင်ဘာလ ၉ ရက်နေ့ဝန်းကျင်က မတ်ပဲတစ်တင်းလျှင် တစ်သောင်းကိုးထောင့်ငါးရာကျပ် အမြင့်ဆုံးဈေးဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အဆိုပါအမြင့်ဆုံးဈေးမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့အရောက်တွင် တစ်တင်းလျှင် တစ်ထောင်ကျပ်ခန့် ဈေးကျ ဆင်းခဲ့ကြောင်း ဟင်္သာတကုန်စည်ဒိုင် ဈေးကွက်အတွင်းမှ သိရသည်။

မိုးစပါးဈေးကွက် မြင့်နေသည်ဟုဆိုသော်လည်း နွေစပါးစိုက်ပျိုးရန် စိုက်ရေအခက်အခဲများကြောင့် မတ်ပဲကိုသာ အားထားစိုက်ပျိုးရမည်ဖြစ်ပြီး ငွေကြေးပြည့်စုံသည့် တောင်သူအနည်းစု၏ လက်ဝယ်၌သာ မတ်ပဲလက်ကျန် အနည်းအကျဉ်းရှိနိုင်သေးကြောင်း၊ လတ်တလောဈေးကွက် မြင့်လာပါက ကုန်သည်လှောင်လက်ကြီးများထံတွင် လက်ကျန်မတ်ပဲများရှိကြောင်း ဟင်္သာတမြို့နယ်၊ ကုလားကုန်းရွာနေ အသက် ၇၀ ကျော်အရွယ် တောင်သူ ဦးစိန်ဝင်းက ပြောကြားသည်။

R-13

  • VIA


FOLLOW US