News

25-Oct-2017

ပဲ
ပဲစင်းငုံအသစ် ဈေးမကျရန် ပြည်နယ်နှင့် တိုင်းအစိုးရက ဝယ်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၄

ဒီဇင်ဘာလနှင့် ဇန်နဝါရီလများအတွင်း ပဲစင်းငုံအသစ်များ ထွက်ပေါ်လာတော့မည်ဖြစ်ရာ ယင်းကာလအတွင်း ပဲ ဈေးနှုန်းများ ဆက်လက် ကျဆင်းနေပါက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အစိုးရများက ဝယ်ယူပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထိုသို့ဝယ်ယူပေးရာတွင် ပဲထွက်ရှိသည့် ပြည်နယ်နှင့် တိုင်းအလိုက် ပဲဝယ်ယူရေးအဖွဲ့များ ဖွဲ့၍ ဝယ်ယူပေးမည်ဖြစ်ပြီး ထိုသို့အဖွဲ့များဖွဲ့ရန် စီစဉ်နေကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“ဟိုးတစ်နှစ်က ဆန်ဝယ်ယူရေး အဖွဲ့ဆိုပြီး ဖွဲ့ထားတဲ့ အဖွဲ့တွေတော့ ရှိတယ်။ ဒါပေမဲ့ အခုက ပဲဆိုတော့ အဖွဲ့တွေ ပြန်ဖွဲ့ရမယ်”ဟု စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

ထိုသို့အစိုးရက ဝယ်ယူပေးရာတွင် ဇန်နဝါရီကာလအတွင်း ပဲဈေးသည် တောင်သူများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက်သို့ ရောက်ရှိနေမှသာ ဝယ်ယူပေးမည်ဖြစ်ပြီး လတ်တလော မည်သည့်ဈေးနှုန်းဖြင့် ဝယ်ယူပေးရန်နှင့် မည်မျှပမာဏအထိ ဝယ်ယူပေးမည် ဆိုသည်တို့ကို ဆက်လက် ဆွေးနွေးနေကြောင်း ၎င်းကဆိုသည်။

“ဥပမာ ကုန်ကျစရိတ်က ခုနစ်ထောင်၊ ဈေးကွက်က တစ်သောင်းဆိုရင်တော့ မဝယ်ပေးပါဘူး”ဟု အဆိုပါ အရာရှိက ဆက်လက် ရှင်းပြသည်။

လတ်တလော ပဲစင်းငုံ မည်မျှ စိုက်ပျိုးထားသည်ကို သိရှိနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ စိုက်ဧကပမာဏကို တောင်းခံထားပြီး ကနဦး သတင်းများအရ ပဲစင်းငုံတန်ချိန် သုံးသိန်းခန့်အထိ စိုက်ပျိုးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိပဲဈေးကွက်အတွင်း ပဲစင်းငုံ ဈေးနှုန်းမှာ ဆက်တိုက် ကျဆင်းနေပြီး သုံးပတ်အတွင်း ကျပ်တစ်သိန်းနီးပါးအထိ ကျဆင်းလျက်ရှိကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။

S-04

  • VIA


FOLLOW US