News

23-Oct-2017

ပဲ
သီတင်းသုံးပတ်အတွင်း ပဲတစ်တန် တစ်သိန်းနီးပါးအထိ ဈေးကျ

ရန်ကုန်၊ အောက်တိုဘာ ၂၃

ဆက်တိုက် ကျဆင်းနေသော ပဲဈေးနှုန်းများသည် အောက်တိုဘာလ သုံးပတ်တာကာလအတွင်း ပဲစင်းငုံတစ်တန်လျှင် ကျပ်ကိုးသောင်းခြောက်ထောင်ခန့်နှင့် မတ်ပဲတစ်တန်လျှင် ကျပ်ကိုးသောင်းနီးပါးအထိ ဈေးကျဆင်းကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။

ပဲစင်းငုံဈေးနှုန်းသည် ဆက်တိုက် ကျဆင်းနေခြင်းဖြစ်ပြီး မတ်ပဲဈေးနှုန်းမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အနည်းငယ် ပြန်လည် မြင့်တက်ခဲ့သော်လည်း ယခုအခါတွင် ပြန်လည် ကျဆင်းလာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ပဲမျိုးစုံဈေးနှုန်းများသည် တစ်တန်လျှင် ကျပ်သောင်းနှင့်ချီ၍ ကျဆင်းလာခြင်းဖြစ်ပြီး အရောင်းအဝယ်မှာလည်း ကျဆင်းလျက်ရှိကာ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက သတ်မှတ်ဈေးနှုန်းဖြင့် ဝယ်ယူပေးနေသော်လည်း ပဲဈေးနှုန်းမှာ ပြန်လည် မြင့်တက်လာခြင်း မရှိပေ။

လက်ရှိပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်း တည်ငြိမ်ရေးနှင့် ဝယ်ယူတင်ပို့ရောင်းချရေးအဖွဲ့ စီမံခန့်ခွဲရေးကော်မတီက အောက်တိုဘာလ ၁၂ ရက်နေ့မှစ၍ ပဲများ ဝယ်ယူပေးနေသော်လည်း လာရောက် ရောင်းချသည့် ပဲစင်းငုံများမှာ သတ်မှတ် အရည်အသွေး မပြည့်မီခြင်းကြောင့် ကော်မတီတွင် အခက်အခဲ ဖြစ်ပေါ်လျက် ရှိသည်။

လတ်တလော ပဲစင်းငုံတန်ချိန် တစ်သောင်းကျော်နှင့် မတ်ပဲတန်ချိန် သုံးထောင်ကျော်အထိ ဝယ်ယူပြီးဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ပဲဈေးကွက်အတွင်း မတ်ပဲ (FAQ)  တစ်တန်လျှင် အောက်တိုဘာလ ပထမပတ်အတွင်းက တစ်တန်လျှင် ကျပ် ၅၃၆,ဝ၀ဝ မှ ယခုအခါ ကျပ် ၄၄၈,ဝ၀ဝ သို့လည်းကောင်း၊ မတ်ပဲ (SQ) တစ်တန်လျှင် ယခင်က ကျပ် ၇၀၁,ဝ၀ဝ မှ ယခုအခါ ၆၀၈,ဝ၀ဝ သို့လည်းကောင်း၊ ပဲစင်းငုံနီ တစ်တန်လျှင် ယခင်က ကျပ် ၄၀၆,ဝ၀ဝ မှ ၃၁၀,ဝ၀ဝ သို့လည်းကောင်း ဈေးနှုန်းများ ကျဆင်းကြောင်း ဘုရင့်နောင်ဈေးကွက်အတွင်းမှ သိရသည်။

S-04

  • VIA


FOLLOW US