27-Sep-2017

ပဲ
လေးနှစ်အတွင်း ပဲဈေး အနိမ့်ဆုံးရောက်
ရန်ကုန်၊ စက်တင်ဘာ ၂၆

ယခုရက်ပိုင်းအတွင်း ဆက်တိုက် ပြန်ကျလာသော ပဲဈေးနှုန်းသည် ၂၀၁၄ ခုနှစ်က အောက်နိမ့်သည့် လေးနှစ်အတွင်း စံချိန်တင်ဈေးနှုန်း တစ်ရပ်သို့ ရောက်ရှိလာကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။

ဩဂုတ်လ နောက်ဆုံးပတ်အတွင်းက ဘုရင့်နောင် ပဲဈေးကွက် ပိတ်ပြီး ပြန်ဖွင့်ချိန်တွင် အနိမ့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိခဲ့သော်လည်း ယခုဈေးနှုန်းမှာ ယင်းဈေးထက်ပင် နိမ့်နေခြင်းဖြစ်သည်။

“ပဲအရောင်းအဝယ်က ပြန်အေးတော့ ဒီရက်ပိုင်း ဈေးက ပြန်ကျလာတာ ပေါ့။ ပြည်ပက အရောင်းအဝယ်ပြန်တက်ရင်တော့ ပြန်တက်လာပြန်တာပေါ့}} ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောဆိုသည်။

ပဲဈေးနှုန်းများသည် စက်တင်ဘာ လ ဒုတိယပတ်အတွင်းက ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် နီပေါနိုင်ငံတို့က ဝယ်ယူလာခြင်းကြောင့် ဈေးနှုန်း အနည်းငယ် ပြန်တက်ခဲ့သော်လည်း ယခုအခါ ယင်းနိုင်ငံများကလည်း ဝယ်ယူမှု မရှိတော့သည့်အတွက် ဈေးနှုန်းများ ပြန်လည် ကျဆင်းလာခြင်းဖြစ်သည်။

သို့သော် စက်တင်ဘာလ ၅ ရက်နေ့မှစ၍ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက သတ်မှတ်ဈေးနှုန်းဖြင့် ဝယ်ယူပေးနေသည့် မတ်ပဲတစ်တန် ကျပ်ငါးသိန်းနှင့် ပဲစင်းငုံတစ်တန် ကျပ်လေးသိန်းသို့ ရောက်ရှိခြင်း မရှိသေးသည့်အတွက် လာရောက် ရောင်းချခြင်း မရှိသေးကြောင်း ယင်းအသင်းထံမှ သိရသည်။

လက်ရှိပဲဈေးသည် ပြီးခဲ့သည့်ရက် ပိုင်းကထက် မတ်ပဲတစ်တန်လျှင် ကျပ် ၂၃,ဝ၀ဝ မှ ၂၈,ဝ၀ဝ ခန့်နှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၆၀ဝ၀ ခန့်ဈေးသို့ ကျဆင်းလျက်ရှိပြီး ပြည်ပ အဝယ်ပေါ် မူတည်၍ ဈေးနှုန်း ပြောင်းလဲနိုင်ကြောင်း ပဲကုန်သည်များက ဆိုသည်။

၂၀၁၄ ခုနှစ်က မတ်ပဲတစ်တန်လျှင် ကျပ်ရှစ်သိန်းခန့်နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ်ခုနစ်သိန်းခန့်ဖြစ်ကြောင်း ပဲကုန်သည်များထံမှ သိရသည်။

လက်ရှိပဲဈေးကွက်အတွင်း မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၅၄၀,ဝ၀ဝ ခန့်၊ မတ်ပဲ (SQ) တစ်တန်လျှင် ၇၂၀,ဝ၀ဝ ခန့်နှင့် ပဲစင်းငုံတစ်တန်လျှင် ၄၁၄,ဝ၀ဝ ခန့်သို့ ရောက်ရှိလျက်ရှိကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။

S-04

  • VIA


FOLLOW US