News

18-Sep-2017

ပဲ
ပဲ၊ နှမ်းအသင်းက ဝယ်ယူသော်လည်း မတ်ပဲနှင့်ပဲစင်းငုံ ရောင်းသူမရှိ
ရန်ကုန်၊ စက်တင်ဘာ ၁၈

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက မတ်ပဲနှင့် ပဲစင်းငုံတို့ကို အခြေခံဈေးသတ်မှတ်၍ စက်တင်ဘာလ ၅ ရက်နေ့မှစ၍ ဝယ်ယူနေသော်လည်း ပြင်ပ ဈေးကွက်ပေါက်ဈေးအောက် နိမ့်ကျနေခြင်းကြောင့် စက်တင်ဘာလ ၁၈ ရက်နေ့အထိ လာရောက်ရောင်းချသူ တစ်ဦးမျှ မရှိသေးကြောင်း ယင်းအသင်းထံမှ သိရသည်။

အိန္ဒိယက ပဲတင်သွင်းခွင့် ကန့်သတ်ထားခြင်းကြောင့် အဆမတန် ဈေးနှုန်း ကျဆင်းခြင်း မဖြစ်စေရန် ရည်ရွယ်၍ ယင်းအသင်းက ကျပ်ဘီလီယံ ၅၀ ဖြင့် မတ်ပဲတစ်တန် ကျပ်ငါးသိန်းနှင့် ပဲစင်းငုံ တစ်တန် ကျပ်လေးသိန်း သတ်မှတ်၍ ဝယ်ယူခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

“အခုက အရောင်းအဝယ်က သူ့ဘာသူပြန်ဖြစ်နေပြီး ဈေးနည်းနည်းပြန်ကောင်းနေလို့ လာမရောင်းကြတာပါ”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောဆိုသည်။

ထိုသို့ဈေးနှုန်း အဆမတန် ကျဆင်းခြင်း မဖြစ်စေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပဲနှမ်းအသင်းတို့ ပူးပေါင်း၍ ကျပ်ဘီလီယံ ၁၀ဝ အသုံးပြုကာ ဝယ်ယူမည် ဖြစ်သော်လည်း ယခု ဝယ်ယူနေသည်မှာ အသင်းဘက်က ကျပ် ၅၀ ဘီလီယံဖြင့် ဝယ်ယူနေခြင်းဖြစ်ကြောင်း၊ စီးပွားကူးသန်းဘက်မှ စိုက်ထုတ်ဝယ်ယူပေးမည့် ငွေကြေးနှင့်ပတ်သက်၍ မည်သည့် အကြောင်းကြားမှုမျှ မရှိသေးကြောင်း ယင်းအသင်းထံမှ သိရသည်။

“ကျွန်တော်တို့ဘက်က ငွေရအောင် လုပ်နေပါတယ်။ အစိုးရဌာနဆိုတော့ အဆင့်ဆင့် တင်ပြရတယ်လေ”ဟု စီးပွားကူးသန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

လက်ရှိပဲဈေးကွက်အတွင်း မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၅၇၆ယဝ၀ဝ၊ မတ်ပဲ (SQ) တစ်တန်လျှင် ကျပ် ၇၆၆,ဝ၀ဝ နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၄၃၂,ဝ၀ဝ ဈေးရှိကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။

S-04

  • VIA


FOLLOW US