News

11-Sep-2017

ပဲ တပ်မတော်
တပ်မတော်နှင့် အကျဉ်းဦးစီးရိက္ခာ၌ ပဲစင်းငုံ အစားထိုး သုံးစွဲရေး တိုက်တွန်းမည်
ရန်ကုန်၊ စက်တင်ဘာ ၁၁

လက်ရှိဖြစ်ပေါ်နေသာ ပဲပြဿနာကို ဖြေရှင်းနိုင်ရန် တပ်မတော်၊ အကျဉ်းဦးစီးဌာနနှင့် ပဲကြာဆံစက်များတွင် လက်ရှိ အသုံးပြုနေသော ပဲများအစား ပဲစင်းငုံ အစားထိုး အသုံးပြုနိုင်ရေး တိုက်တွန်း ဆွေးနွေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထို့ကြောင့် အကျဉ်းဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးစီးပွား ကာကွယ်ရေးကော်မတီ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့နှင့် စက်တင်ဘာလ တတိယပတ်အတွင်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ပဲကြာဆံ စက်ရုံလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
 
“ဒါကတော့ ရေရှည်နည်းနဲ့ ပြည်တွင်းမှာ ဘယ်လိုလုပ်ရမလဲဆိုပြီး ဖြေရှင်းတဲ့နည်းလမ်းပါ”ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

သို့သော် တပ်မတော်၊ အကျဉ်းဦးစီးနှင့် ပဲကြာဆံစက်များက တစ်နှစ်လျှင် ပဲသုံးစွဲမှု မည်မျှ ပမာဏအထိ ရှိသည်ကို မသိရှိသေးဘဲ တွေ့ဆုံဆွေးနွေးပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပဲစင်းငုံ၏ အရသာသည် လက်ရှိ ပဲကြာဆံစက်များတွင် သုံးစွဲနေသည့် ပဲများနှင့် အရသာမှာ အနည်းငယ်သာ ကွာခြားပြီး ပဲစင်းငုံ အရသာသည် အနည်းငယ် ခါးသက်သက်နှင့် “ဖွယ်”သည့်အရသာရှိကြောင်း ပဲကုန်သည်များထံမှ သိရသည်။

အိန္ဒိယ ကန့်သတ်ထားသည့် ပဲသုံးမျိုးတွင် ပဲစင်းငုံမှာ တန်ချိန် နှစ်သိန်းသာ တရားဝင် တင်ပို့ခွင့်ရခြင်းကြောင့် ပြည်တွင်း၌ ပဲစင်းငုံ ပိုမိုအသုံးပြုရန်နှင့် ယင်းနေရာတွင် အခြားသီးနှံများ အစားထိုး စိုက်ပျိုးနိုင်ရန်တို့ကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

S-04



FOLLOW US