News

23-Aug-2017

ပဲ
အိန္ဒိယက ပဲတင်ပို့ ခွင့် ကန့်သတ်၊ ဘုရင့်နောင်ပဲဈေးကွက် ရပ်ဆိုင်း၊ အိန္ဒိယဝန်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်တွင် အစိုးရချင်း ညှိနှိုင်းပေးရေး တောင်းဆိုမည်
ရန်ကုန်၊ ဩဂုတ် ၂၂

အိန္ဒိယနိုင်ငံဘက်မှ ပဲစင်းငုံအပြင် မတ်ပဲနှင့် ပဲတီစိမ်းတင်ပို့ခွင့်များကိုပါ ထပ်မံ ကန့်သတ်လိုက်သည့်အတွက် ပဲဈေးများ အဆမတန် ကျဆင်း၍ ဘုရင့်နောင် ပြည်ပပို့ ပဲဈေးကွက် ဩဂုတ်လ ၂၂ ရက်နေ့တွင် ရပ်ဆိုင်းသွားကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

အိန္ဒိယသည် ဩဂုတ်လ ၅ ရက်နေ့က ပဲစင်းငုံ တင်ပို့ခွင့်ကိုလည်း တစ်နှစ်လျှင် တန် နှစ်သိန်းသာ ဝယ်ယူရန် ကန့်သတ်လိုက်ပြီး ဩဂုတ်လ ၂၁ ရက်နေ့က ပဲတီစိမ်းနှင့် မတ်ပဲကိုလည်း တန် သုံးသိန်းသာ ဝယ်ယူမည်ဟု ထုတ်ပြန်လိုက်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။

ထိုသို့ ကန့်သတ်လိုက်ခြင်းကြောင့် လတ်ရှိ ပဲလက်ကျန်သည် ပဲစင်းငုံမှာ တန်တစ်သိန်းခန့်၊ မတ်ပဲမှာ တန် ၃ သိန်းခန့်နှင့် စိုက်ပျိုးပြီး ပဲစင်းငုံမှာ တန် ၃ သိန်းခန့်ထိ ရှိနေသေးသည့်အတွက် အမေရိကန် ဒေါ်လာသန်း ၄၀ဝ မှ ၅၀ဝ ခန့်ထိ ဆုံးရှုံးနိုင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ ကုန်သည်အသိုင်းအဝိုင်းက မှတ်ချက်ပြုသည်။

ထို့ကြောင့် တောင်သူလယ်သမားများကို ထိခိုက်နစ်စေနိုင်သည့်အတွက် နိုင်ငံတော် သမ္မတရုံး အပါအဝင် အစိုးရဌာနများထံသို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ပြီး စက်တင်ဘာလဆန်းပိုင်းအတွင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒါ မိုဒီလာ ရောက်ချိန်တွင် အစိုးရချင်း ညှိနှိုင်း၍ ပဲတင်ပို့ခွင့် ပြန်လည် ရရှိအောင် လုပ်ပေးရန် တောင်းဆိုမည်ဟု ဩဂုတ်လ ၂၂ ရက်နေ့က ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း ယင်းအစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။

“တကယ်တော့ သူတို့နိုင်ငံက ပဲဈေး တက်အောင် လုပ်ချင်တာပါ။ ကျွန်တော်တို့ဘက်က သွင်းတော့ သူတို့နိုင်ငံတွင်း ပဲဈေးက ကျတယ်လေ။ အခုလိုပိတ်လိုက်တော့ သူတို့နိုင်ငံဘက်က ပဲဈေးတွေ ဒေါ်လာ တစ်ရာလောက် တက်သွားတယ်။ ဒါပေမဲ့ အစိုးရချင်းဆိုရင် တင်ပို့ခွင့်ပြုမယ်ဆိုတော့ အဲဒီနည်းနဲ့ပဲ ပြန်ပို့လို့ရအောင် လုပ်ရမှာပဲ။ ဒီဟာက အားလုံးနဲ့ဆိုင်တယ်လေ”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထိုသို့ ပိတ်ပင်လိုက်ခြင်းကြောင့် မုံရွာ ပဲမျိုးစုံဈေးကွက်အတွင်း ပဲဈေးများ ကျဆင်း၍ မတ်ပဲနှင့် ပဲတီစိမ်းဝယ်လက်များ မရှိတော့ဘဲ ပဲစင်းငုံဝယ်လက်မှာလည်း အိန္ဒိယနိုင်ငံဘက်မှ ပိတ်ပင်ပြီး နောက်ပိုင်း ဝယ်လက်မရှိတော့ကြောင်း ယင်းနိုင်ငံက ပဲစင်းငုံ ဝယ်ယူမှု မပိတ်ခင်က တစ်တင်းလျှင် ကျပ် ၂၈၀ဝ၀ ခန့်မှ ယခုအခါ ကျပ် ၁၄၂၀ဝ သို့လည်းကောင်း၊ မကန့်သတ်ခင်က မတ်ပဲတစ်တင်းလျှင် ကျပ် ၂၇၅၀ဝ မှ ယခုအခါ ၁၄၅၀ဝ သို့ လည်းကောင်း၊ မကန့်သတ်ခင်က ပဲတီစိမ်း တစ်တင်းလျှင် ၃၅၀ဝ၀ မှ ယခုအခါ ကျပ် ၂၈၀ဝ၀ သို့လည်းကောင်း ဈေးနှုန်းများ ကျဆင်းသွားကြောင်း မုံရွာကုန်စည်ဒိုင်ထံမှ သိရသည်။

“ဒီမှာတော့ အရောင်းအဝယ်က မရပ်နိုင်ဘူး။ ရန်ကုန်ဝယ်လက်မရှိလည်း တခြားဒေသတွေက အနည်း အကျဉ်း ဝယ်နေတာဆိုတော့လေ။ အိန္ဒိယကတော့ သူတို့ အကျိုးစီးပွားကြောင့် ဒီလို လုပ်လိုက်တာနေမှာပါ”ဟု မုံရွာကုန်စည်ဒိုင် အတွင်းရေးမှူး ဦးတင်ကိုကိုက ပြောဆိုသည်။

ပဲစင်းငုံ အဓိက စိုက်ပျိုးသည့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ပဲလက်ကျန်သည် ပဲစင်းငုံ တန်တစ်သိန်းကျော်နှင့် မတ်ပဲနှင့် ပဲတီစိမ်းမှာလည်း တန်များစွာ ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ပဲဈေးကွက်မှာ အိန္ဒိယနိုင်ငံသို့ အဓိက မှီခိုနေရပြီး မတ်ပဲကို ၈၀ ရာခိုင်နှုန်းခန့်၊ ပဲစင်းငုံကို ၉၅ ရာခိုင်နှုန်း ခန့် အိန္ဒိယသို့ နှစ်စဉ်တင်ပို့လျက်ရှိသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ပြည်ပပို့ ပဲတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ရရှိမှုသည် ၂၇ နှစ်အတွင်း စံချိန်တင် ရရှိထားသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲတင်ပို့မှု မှ၂၀၁၄-၁၅ ဘဏ္ဍာနှစ်က တန် ၁ ဒသမ ၅ သန်းနီးပါးဖြင့် ဒေါ်လာသန်း ၁၂၀ဝ ခန့်၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က တန် ၁ ဒသမ ၂ သန်းကျော်ဖြင့် ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း  ၁၂၀ဝ ကျော်နှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က တန် ၁ ဒသမ ၄ သန်းကျော်ဖြင့် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ဝ နီးပါးထိရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

S-04

  • VIA


FOLLOW US