News

POST TAGGED AS

ပဲတီစိမ်း

ဝမ်းတွင်း၌ အရက်ဆီတင်ကားမီးလောင်၍ လူနှစ်ဦးသေဆုံး
မိတ္ထီလာ၊ ဇူလိုင် ၃၁

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာအနီးတွင် ဇူလိုင်လ ၃၀ ရက်နေ့ညက အရက်ဆီဂါလန်ငါးရာ တင်ဆောင်လာသော ၂၂ ဘီးတပ် ကုန်တင်ကားတစ်စီး မီးလောင်သဖြင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။ 

ရန်ကုန်မှမန္တလေးဘက်သို့ မောင်းနှင်လာသော ၂၂ ဘီးတပ် အရက်ဆီသယ်ယာဉ်သည် ဇူလိုင်လ ၃၀ ရက်နေ့ ည ၉ နာရီကျော်က မြေတိုင်ကန်ရွာနှင့် ဘုရားဖြူရွာကြား ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၃၆၂/၁ အနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျကာ တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်၏ ဦးခေါင်းပိုင်းမှာ ကိုယ်ထည်မှပြုတ်သွားပြီး ဆီတိုင်ကီပွင့်ကာ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မီသတ်တပ်ဖွဲ့မှတ်တမ်းအရ သိရသည်။ 

မီးလောင်ရာသို့ ဝမ်းတွင်းမြို့နယ် မီးသတ်စခန်းနှင့် မိတ္ထီလာခရိုင်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း ၁၄ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၆၅ ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီခွဲခန့် မီးငြိမ်းခဲ့သော်လည်း ကားပေါ်တွင် လိုက်ပါလာသော လူနှစ်ဦးသေဆုံးသွားကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အရက်ဆီတင်ကားမီးလောင်သွားခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၇၅ သိန်းဖိုးခန့်ရှိကြောင့် မီးသတ်တပ်ဖွဲ့က ခန့်မှန်းထားသည်။

“ကားမီးလောင်ရာမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးနေတာကို တွေ့ရတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ စုံစမ်းနေဆဲပါ”ဟု ဝမ်းတွင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အဆိုပါမီးလောင်မှုကို ဝမ်းတွင်း မြို့မရဲစခန်းက ယာဉ် (ပ) ၂၆/၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၅၊ လူသေမှု ၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ 

R-01



FOLLOW US