News

POST TAGGED AS

ပဲတီစိမ်း

နွားအဝယ်လိုက်၍ ခိုင်းနွား ဈေးတက်
မုံရွာ၊ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ယင်းမာပင်ခရိုင်နှင့် မုံရွာခရိုင်အတွင်း နွားများအဝယ်လိုက်သဖြင့် လယ်ယာသုံးနွားများ ဈေးတက်နေကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။

ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ ကျွဲ၊ နွားအရှင်များ တရားဝင် တင်ပို့ခွင့်ပြုပြီးနောက် နွားအဝယ်လိုက်ပြီး လယ်ယာသုံးနွားများ ဈေးတက်နေခြင်းဖြစ်ကြောင်း မုံရွာမြို့နယ်မှ တောင်သူများက ပြောကြားသည်။ 

“အရင်နှစ်က ခိုင်းနွားတစ်ရှဉ်း ကောင်းကောင်းလှလှဆို သိန်း၂၀ လောက် နဲ့ ရနိုင်ပေမည့် အခုလိုက်ဝယ် ၃၅ သိန်းလောက်ပါမှ ဝယ်နိုင်တော့တယ်”ဟု အိုးဘို တောင်ရွာမှ တောင်သူဦးကျော်မြင့်က ပြောဆိုသည်။

ယခုနှစ်ဆန်းမှစ၍ ခိုင်းနွားများ ဈေးတက်လာပြီး နွားအရွယ်နှင့် အလှအပေါ်မူတည်၍ နွားတစ်ကောင်လျှင် ကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းအထိ ဈေးတက်ကြောင်း ဒီပဲယင်းမြို့နယ်၊ မှန်သာရွာမှ နွားပွဲစား ဦးဝင်းစိုးက ပြောကြားသည်။ 

တောင်သူအများစုသည် နွားဈေးကောင်းသဖြင့် ခိုင်းလက်စနွားကြီးများကို ထုတ်ရောင်း၍ နွားငယ်များကိုပြန်ဝယ်ကာ သုံးကြကြောင်း၊ တရုတ်ပြည်တင်ပို့သည့် နွားတစ်ကောင်လျှင် ကျပ်သိန်း ၃၀ ခန့် ရောင်းရသဖြင့် ထုတ်၍ရောင်းချမှုများပြီး နွားဈေးတက်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ဆီးခင်းများအတွင်းထွန်ယက်ကာ ပဲ၊ နှမ်းများ စိုက်ပျိုးကြသဖြင့် ဆီးပင်အောက် ဝင်သာရန် နွားအပုများသာ အသုံးပြုကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ 

နိုင်ငံခြားသို့နွားတင်ပို့မှုကို ပြည်တွင်း လယ်ယာလုပ်ငန်းခွင် နွားသုံးစွဲမှုမထိခိုက်စေရန် အသက်ငါးနှစ်အထက် အထီး၊ မျိုးမပွားနိုင်သည့် ပိုက်ထားသောနွားများကိုသာ ခွင့်ပြုထားပြီး ယခုနှစ်စမှစ၍ တရုတ်နှင့် ထိုင်းနိုင်ငံသို့တင်ပို့နေသည့် ကျွဲ၊ နွားကောင်ရေ တစ်သောင်းခွဲကျော်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

R-08



FOLLOW US