News

POST TAGGED AS

ပဲခူး

31-May-2018

ပဲခူး
ပဲခူးအခြေခံပညာကျောင်းများတွင် ရောင်းသူမဲ့ စာရေးကိရိယာဆိုင်များ ဖွင့်မည်
တောင်ငူ၊ မေ ၃၁

ပဲခူးတိုင်း ပဲခူးမြို့ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းများ၌ ၂၀၁၈-၁၉ ပညာသင်နှစ် ကျောင်းဖွင့်ရာသီအတွင်း ရောင်းသူမဲ့ စာရေးကိရိယာဆိုင်များ ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း ယင်းဆိုင်များဖွင့်ရန် လုပ်ဆောင်နေသူ ဦးကျော်မျိုးဦးက ပြောကြားသည်။

“ကလေးတွေ စာရိတ္တနဲ့ပတ်သက်ပြီး အလေ့အကျင့်ကောင်းတွေ ဖြစ်ပေါ်ဖို့အတွက် ရောင်းသူမဲ့ ဆိုင်ကလေးတွေ ဖွင့်လှစ်ဖို့ ကြိုးစားကြည့်တာပါ။ လတ်တလောမှာ တချို့ကျောင်းတွေက လက်မခံပေမယ့် ဆိုင်လေးဖွင့်ဖို့ သဘောတူထားတဲ့ ကျောင်း ၂ ကျောင်း၊ သုံးကျောင်းလောက် ရှိတယ်”ဟု ပဲခူးမြို့ခံ လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးလည်းဖြစ်သူ ၎င်းက ပြောဆိုသည်။

အဆိုပါဆိုင်များမှရရှိသည့် အမြတ်ငွေများကို ချို့တဲ့နွမ်းပါးသူများကို ပြန်လည် လှူဒါန်းနိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း ကျောင်းတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်း ဦးကျော်မျိုးဦးက ပြောဆိုသည်။

အဆိုပါအစီအစဉ်ကို လွန်ခဲ့သည့် လေးနှစ်ခန့်မှစ၍ လုပ်ဆောင်ခဲ့သော်လည်း စာသင်ကျောင်း တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်မှု နည်းပါးခဲ့သည့်အတွက် အောင်မြင်မှု နည်းခဲ့သော်လည်း ရောင်းသူမဲ့ စာရေးကိရိယာဆိုင်များကို ဆက်လက် ကြိုးစားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းဆိုင်များဖွင့်လှစ်ရန် စီစဉ်နေသူများထံမှ သိရသည်။

ကနဦး ရောင်းသူမဲ့ စာရေးကိရိယာဆိုင်များ ဖွင့်လှစ်လိုသည့် မူလတန်းလွန်ကျောင်း၏ တာဝန်ခံကျောင်းအုပ်များမှ ၎င်းတို့အဖွဲ့ထံ ဆက်သွယ် အကြောင်းကြားရမည်ဖြစ်ပြီး လိုအပ်သည့် ကျောင်းသုံးစာအုပ်၊ ခဲတံ၊ ပေတံနှင့် ကျောင်းသုံးစာရေး ကိရိယာများကို ပထမဆုံးအကြိမ်တွင် အခမဲ့ ပေးအပ်လှူဒါန်းမည်ဖြစ်သော်လည်း စာရင်းပြန်လည်တင်ပြရမည်ဖြစ်ကြောင်း ယင်းဆိုင်များ ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေသူများထံမှ သိရသည်။

“တောင်ငူမှာလည်း ရောင်းသူမဲ့ ဆိုင်ကလေးတွေ လမ်းဆုံလမ်းခွတွေမှာ ပေါ်ဖူးတယ်။ ဒါပေမဲ့ စနောက်သလိုနဲ့ ပိုက်ဆံမပေးတာမျိုး ရည်ရွယ်ချက်နဲ့ ငွေကိုမထည့်ဘဲ ပစ္စည်းယူသွားတာများတော့ ဖွင့်ပေးသူက မခံနိုင်တော့ဘူး”ဟု တောင်ငူ မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

R-15



FOLLOW US