News

POST TAGGED AS

ပဲခူးတိုင်း

နတ္တလင်းတွင်သူဌေးကုန်းဆည် အထက်တာဘောင်ကျိုး၍ ရပ်ကွက်အချို့နှင့် လယ်ဧက ၃၆၀၀ ကျော် ရေမြုပ်


နတ္တလင်း၊ သြဂုတ် ၂၄

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် နတ္တလင်းမြို့နယ်တာပွန်မြို့တွင် သြဂုတ်လ (၂၃) ရက်နေ့ ညနေ ၄ နာရီအချိန်တွင် သူဌေးကုန်းဆည်းအထက် တာဘောင်ကျိုး၍ တာပွန်မြို့ရှိ ရပ်ကွက် (၃) ခုနှင့် လယ်ဧက ၃၆၀၀ ကျော်တို့ ရေနစ်မြုပ်နေကြောင်း နတ္တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အဆိုပါရေနစ်မြုပ်နေရာများမှာ တာပွန်မြို့ မြောက်ပိုင်းလမ်း၊ တက်နေမင်းလမ်း၊ မင်းတဲလမ်း၊ လယ်ပြင်လမ်း၊ စိန်တန်းလမ်းမြောက်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ အလယ်ပိုင်း ရပ်ကွက်များဖြစ်ကြောင်း ဒေသခံ ဦးညိုကြီးက ပြောသည်။

“စဖြစ်ဖြစ်ခြင်းက နှစ်ပေလောက် တာစပေါက်ပြီး ရေက တလဟောဝင်လာတာ လူကြီးတွေကိုတော့ လှမ်းအကြောင်းကြားပြီး ကျနော်တို့ ပိတ်ဖို့လုပ်နေတာ။ တဖြည်းဖြည်းနဲ့ အပေါက်က ပိုပိုကျယ်ပြီး ရေကဒလဟောစီးဝင်နေတာ ဘယ်လိုမှ ပိတ်မရဘူး။ အခုတော့ ဌာနဆိုင်ရာတွေတော့ရောက်လာပြီ အပေါက်က အခု ပေ ၅၀ လောက်ဖြစ်သွားပြီ အခုကျနော်တို့ မျောစိုက်ပြီး သဲအိပ်နဲ့ဖို့ဖို့ လုပ်နေပါပြီ”ဟု တဲကုန်းကြီးကျေးရွာမှ တာပေါက်မူကို ဝိုင်းဝန်းကူညီနေသည့် ကိုစေနိုင်က ပြောသည်။

သြဂုတ် ၂၃ ရက် ညနေ ၄ နာရီအထိ ကောက်ယူစာရင်းအရ တာပွန်ကျေးရွာ၊ ဇီးပင်ကေကျေးးရွာ ကုန်းသာကျေးရွာ၊ ပျဉ်းမကုန်ကျေးရွာများမှ လယ်ဧက ပေါင်း ၃၆၀၀ ကျော် ရေနစ်မြုပ်နေကြောင်း နတ္တလင်းမြို့နယ် မြေစာရင်းဦးစီးမှူးထံက သိရသည်။

ရေက တာပွန်မြို့ထဲမှာ ရေများထပ်တိုးလာနေပြီး လောလောဆယ် ရေနစ်နေတဲ့ ရပ်ကွက်က နေအိမ် ၈၉ အိမ်၊ လူဦးရေ ၃၂၇ ယောက်တို့ကို ရေလွတ်ရာ ငါးထပ်ကြီး ဘုရားဝင်းထဲကို ရွှေ့ပြောင်းစီစဉ်ထားသည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုမောင်မောင်ဦးက ပြောသည်။

ကယ်ဆယ်ကူညီရေးအဖွဲ့များဖြစ်သည် တာပွန်မြို့ သာရေးနာရေး ပရဟိတအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပရဟိတအဖွဲ့များမှ တာပွန်မြို့ မြောက်ပိုင်းရပ်ကွက် ငါးထပ်ကြီးဘုရား ဓမ္မာရုံတွင် အိမ်ထောင်စု (၂၇) စုမှ လူဦးရေ (၁၁၁) ဦး ၊ အလယ်ပိုင်းရပ်ကွက် ရွှေသာလျောင်း ဓမ္မာရုံတွင် အိမ်ထောင်စု ( ၁၅ ) စုမှ လူဦးရေ ( ၆၈ ) ဦးအား ယာယီရွှေ့ပြောင်းနေထိုင်သည့် ရေဘေးသင့်ပြည်သူများအား ရွေ့ပြောင်းပေးရေးနှင့် ကူညီထောက်ပံမူများ ပြုလုပ်နေကြောင်း နတ္တလင်းမြို့နယ် ပရဟိတအဖွဲ့များထံမှသိရသည်။

R-19



FOLLOW US