News

POST TAGGED AS

ပဲခူးတိုင်း

အရပ်သားတစ်ဦး သေနတ်ဒင်နှင့်ထုခဲ့သည့် ပန်းဘဲတန်းစခန်းမှ တပ်ဖွဲ့ဝင်အချို့ကို စုံခုံဖွဲ့ စစ်ဆေး
ရန်ကုန်၊ ဩဂုတ် ၁၂ 

အရပ်သားတစ်ဦးအား သေနတ်ဒင်နှင့်ထုပြီး ပြောင်းဝနှင့်နောက်စေ့ကို ဆောင့်ခဲ့သည်ဟုဆိုသော ပန်းဘဲတန်းမြို့မရဲစခန်း တပ်ဖွဲ့ဝင်အချို့ကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ကာ စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။ 

ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်ဈေးတန်းလမ်းထောင့်ရှိ ထမင်းကြော်ဆိုင်တွင် ဩဂုတ်လ ၁၁ ရက် နံနက် ၂ နာရီခွဲခန့်က အငှားယာဉ်မောင်း အမျိုးသားတစ်ဦးနှင့် ထမင်းကြော်လာရောက် စားသုံးသည့် ဇနီးမောင်နှံတို့ စကားများရန်ဖြစ်နေသည်ကို သွားရောက်ထိန်းသိမ်းပြီး ရဲစခန်းသို့ ခေါ်ဆောင်လာစဉ် အရပ်သားတစ်ဦးဖြစ်သူ စည်သူ၏ နောက်စေ့မှာ ပေါက်ပြဲသွေးထွက်ဒဏ်ရာရရှိခဲ့ပြီး ယင်းဖြစ်စဉ်ကို လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်တွင် တင်ခဲ့ရာက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးနေခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ 

“အဲနေ့က ဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေအားလုံးကို စစ်ဆေးနေတယ်၊ ပေါ်ပေါက်ချက်အတိုင်း အရေးယူဆောင်ရွက်သွားဖို့ရှိပါတယ်။ အခုနေချိန်မှာက စစ်ဆေးနေဆဲမို့ အတိအကျပြောမရသေးဘူး”ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သူ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

ယင်းနေ့က ထမင်းကြော်ဆိုင်တွင် စားသောက်နေသော ဇနီးမောင်နှံအနီးသို့ အငှားယာဉ်တစ်စီး ရောက်ရှိလာပြီး ၎င်း ယာဉ်မောင်းဖြစ်သူက အမျိုးသမီးအား ဘာလို့မှိုင်နေတာလဲ၊ အခုထိ လူမရသေးဘူးလား၊ ဈေးဦးမပေါက်သေးဘူးလား”ဟု မေးမြန်းရာက အငှားယာဉ်မောင်းနှင့် ထမင်းကြော် လာရောက်စားသောက်သည့် ဇနီးမောင်နှံတို့ စကားများရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ စကားများရန်ဖြစ်သဖြင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်ထိန်းသိမ်းပြီး ရဲစခန်းသို့ခေါ်ဆောင်လာစဉ် သေနတ်ဒင်နှင့်ထုပြီး သေနတ်ပြောင်းဝနှင့်နောက်စေ့ကို ဆောင့်ခဲ့ခြင်းဖြစ်သည်ဟုဆိုကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“အခုစစ်ဆေးနေတာကတော့ အဲနေ့ကတာဝန်မှူးရယ်၊ သွားခေါ်တဲ့အဖွဲ့တွေရယ်၊ စခန်းမှူးကတော့ တာဝန်ရှိသူအနေနဲ့ပါတာပေါ့” ဟု ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

J-16



FOLLOW US