News

POST TAGGED AS

ပဲခူးတိုင်း

ပန်းတောင်းတွင် ဘုရားဖူးကားမှောက်၍ လူ ၁၇ ဦး ဆေးရုံရောက်
ပြည်၊ ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ပြည်-ကံမ ကားလမ်းရှိ ဗောဒိတစ်ထောင် တောင်ပေါ်သို့သွားသော ဘုရားဖူးကားတစ်စီးမှ နောက်ပြန်လိမ့်ကျကာ တိမ်းမှောက်ခဲ့သောကြောင့် လူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်တက်လမ်းအတိုင်း တက်လာပြီးနောက် ကားရပ်လိုက်စဉ် နောက်ပြန်လိမ့်လာကာ လမ်းဘေးသို့တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ကားပေါ်တွင် ပါလာသူများထံမှ သိရှိရသည်။

“မနက်ကတည်းက စထွက်လာတာ၊ ကားက ကြို့ရပ်သာကျေးရွာကနေ မနက် ၆ နာရီလောက်က ထွက်လာတာ၊ ဒီကိုရောက်တော့ ၈ နာရီထိုးကျော်ကျော်ပဲ ရှိသေးတာ။ ကားက ယာဉ်ရပ်တဲ့နေရာမှာ ရပ်လိုက်ပြီ၊ စက်လည်း ရပ်ပြီးပြီ၊ စပယ်ယာ ကြမ်းတုံးခုတာက ဘီးနဲ့ နည်းနည်းကွာသွားတော့ ကားက ကြမ်းတုံးကိုကျော်ပြီး နင်းသွားပြီး နောက်ကို ဆက်တိုက်လိမ့်သွားတာပဲ”ဟု ယာဉ်မောင်း ကိုအောင်ပြည့်စုံက ပြောဆိုသည်။

ဘရိတ်နင်းသော်လည်း မမိတော့ပဲ စတီယာရင်တိုင်ပါ မနိုင်တော့ဘဲ တိမ်းမှောက်ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကားက နောက်ပြန်လိမ့်သွားတာ ဖြည်းဖြည်းလေးပဲဆိုပေမယ့် ဘယ်သူမှ ခုန်မဆင်းရဲဘူး၊ တဖြည်းဖြည်းနဲ့ ကားက လမ်းဘေးထိုးကျသွားတာပဲ”ဟု အဆိုပါ ကားနှင့် လိုက်ပါစီးနင်းလာသူ ကိုနိုင်လင်းက ပြောဆိုသည်။

ဒဏ်ရာရရှိသူများကို ပြည်ဒေသအခြေစိုက် ပရဟိတအဖွဲ့များက ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါပရဟိတအဖွဲ့များထံမှ သိရသည်။

အဆိုပါဘုရားဖူးအဖွဲ့မှာ ကြို့ရပ်သာကျေးရွာမှ ကားငှားလာရောက်ကြသူများဖြစ်ပြီး ကားအမျိုးအစားမှာ ဒိုင်နာဖြစ်ပြီး ကလေး၊ လူကြီးစုစုပေါင်း ၄၅ ဦးခန့် လိုက်ပါလာခြင်းဖြစ်သည်။

M-06




FOLLOW US