News

POST TAGGED AS

ပဲခူးတိုင်း

02-Aug-2018

ပဲခူးတိုင်း
ငွေနှစ်သောင်းချေးယူရာမှ အိမ်နှင့်ခြံပေးလိုက်ရမှုအပေါ် မကျေနပ်၍ ဒေသခံ ၂၀၀ ခန့် ဆန္ဒပြ
ကြို့ပင်ကောက် ၊ ဩဂုတ် ၂

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်တွင် ငွေနှစ်သောင်းချေးယူရာမှ အိမ်နှင့်ခြံ ပေးလိုက်ရမှုအပေါ် တရားရုံး ဆုံးဖြတ်ချက်ကို မကျေနပ်သည့် ဒေသခံ ၂၀၀ ခန့်က ဩဂုတ်လ ၁ ရက်တွင် မြို့တွင်းလှည့်လည်ကာ ဆန္ဒပြခဲ့သည်။ 

ဆန္ဒပြသူများက တရားဥပဒေ စိုးမိုးရေး၊ ငွေများတရားနိုင်မှု ပပျောက်ရေး၊ အသက် ၇၀ ကျော်အဘွားအိုကို စာရွက်ဖြူတွင် လက်ဗွေနှိပ်ခိုင်းပြီး တရားစွဲဆိုမှု အမှုမှန်ပေါ်ပေါက်အောင် ပြန်လည်စစ်ဆေးပေးရေး၊ ငွေနှစ်သောင်းချေးယူရာမှ အိမ်နှင့်ခြံသိမ်းယူမှုအား ပြန်လည်ဖော်ထုတ်ပေးရေးတို့ကို ကြွေးကြော်ကာ သဲကုန်းရပ်ကွက်မှ ကြို့ပင်ကောက်မြို့နယ် တရားရုံးရှေ့အထိ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဆန္ဒပြပွဲဦးဆောင်သူ ဒေါ်ယုယုထိုက်ကပြောသည်။

“ဒါ မတရားမှုပါ၊ ငွေနှစ်သောင်း ချေးတာက သမီးဖြစ်သူ မတရုတ်က ချေးတယ်၊ သမီးသေတော့ အသက် ၇၀ ကျော် မိခင်ကိုတောင်းတယ်၊ မပေးနိုင်တော့ အတိုးပေါ် အတိုးဆင့်ပြီး အိမ်နဲ့ခြံကို တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် အိမ်နဲ့ခြံကို အပ်ဝရမ်းကပ်တယ်၊ ကျွန်မတို့တစ်ရပ်ကွက်လုံး မခံနိုင်တော့ အားလုံးဆန္ဒပြတာပါ”ဟု ဦးဆောင်သူက ရှင်းပြသည်။

အသက် ၇၀ အရွယ် မိခင်ဖြစ်သူ ဒေါ်အမာကြည်တွင် သမီးဖြစ်သူ မွေးဖွားထားသော အသက် ၇ နှစ်မှ ၁၄ နှစ်အရွယ် မိန်းကလေးသုံးဦး ကျန်ရှိကြောင်း၊ ဩဂုတ်လ ၂ ရက်တွင် တရားရုံး အပ်ဝရမ်းအရအိမ်ပေါ်မှ ဆင်းပေးရမည်ဖြစ်ပြီး လက်ရှိတွင် အသက်အရွယ်အရ အလုပ်အကိုင်မရှိ၍ ရပ်ကွက်နေသူများက ဝိုင်းဝန်း ထောက်ပံ့ထားကြောင်း ပရဟိတအဖွဲ့ဝင် ဦးမောင်ဦးက ပြောသည်။

အဆိုပါ ဆန္ဒပြမှုနှင့်ပတ်သက်၍ ငွေထုတ်ချေးသူဟုဆိုသူ မအိအိခိုင်က “ကျွန်မက ငွေနှစ်သောင်း ချေးတာမဟုတ်ဘူး၊ သူတို့ခြံကိုရောင်းတာပါ၊ ၅ သိန်းနဲ့ ချေးတာ မဟုတ်ပါဘူး၊ သူတို့ဆန္ဒပြတာ မသိလို့နေမှာပါ”ဟု ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ကြို့ပင်ကောက်တရားရုံးကို ၂၀၁၃ ခုနှစ်တွင် စတင်တိုင်ကြားခြင်းဖြစ်ပြီး တရားရုံးအနေနှင့် စာချုပ်စာတမ်းအပေါ် အခြေခံပြီး စစ်ဆေးခြင်းဖြစ်ကြောင်း၊ ဆန္ဒပြသည်မှာ ပြည်သူများ၏ လွတ်လပ်ခွင့်ဖြစ်ကြောင်း၊ ယင်းအမှုမှာ တရားသူကြီး ဦးနိုင်နိုင်လက်ထက်ကဖြစ်ပြီး ၎င်းတာဝန်ယူစဉ်ကာလက မဟုတ်ကြောင်း ကြို့ပင်ကောက်မြို့နယ် တရားသူကြီး ဦးနိုင်ဝင်းစိုးက ပြောသည်။

R-19



FOLLOW US