News

POST TAGGED AS

ပဲခူးတိုင်း

မွန်ရေဘေးသင့်သူများအတွက် ပြန်လည်ထူထောင်ရေး အစိုးရစီစဉ်
မော်လမြိုင်၊ ဇူလိုင် ၃၁

မွန်ပြည်နယ် ဘီးလင်းနှင့် သထုံမြို့နယ်တို့တွင် ဘီးလင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်သူ ၁၂၀၀၀ ကျော်အတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ရန် စီစဉ်နေကြောင်း မွန်ပြည်နယ် အစိုးရထံမှသိရသည်။

“လတ်တလော ဖြစ်နေတဲ့ ပြဿနာကို ကျွန်တော်တို့ အရင်ဖြေရှင်းနေရတာပါ၊ ရေကကျခါစပဲ ရှိသေးတယ်၊ ပြန်လည် ထူထောင်ရေးအတွက်ကတော့ ရန်ပုံငွေရှာရဦးမယ်၊ အခု ကျွန်တော်တို့ညှိနှိုင်းနေပါတယ်၊ ကယ်ဆယ်ရေးအတွက် ကျွန်တော်တို့ ရှင်းနေရပါတယ်”ဟု မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

မွန်ပြည်နယ်တွင် ရေဘေးသင့်သောဒေသမှာ ဘီးလင်း၊ သထုံသာမက ပေါင်၊ ကျိုက်မရော မြို့နယ်တို့လည်း ပါဝင်လာသဖြင့် ကူညီကယ်ဆယ်ရေးကို ဦးဆုံး ဖြေရှင်းပေးနေရကြောင်း၊ ဘီးလင်းမြို့နယ်ရှိ ကေလာသတောင်နှင့် ဝင်ကတောင်တို့တွင် မြေသားများ အိကျနေသဖြင့် မြေပြိုနိုင်သည့် အနေအထားတွင်ရှိနေကြောင်း ၎င်းကရှင်းပြသည်။

ဘီးလင်းမြို့နယ်တွင် ဇူလိုင်လ ၃၁ ရက်က ဘီးလင်းမြစ်ရေ၏ စိုးရိမ်ရေ အမှတ်အောက်ဖြစ်သော ၁၀၁၁ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ မြို့ပေါ်ရပ်ကွက်များရှိ အမြင့်ပိုင်းမှ အိမ်များတွင် ရေများ ကျဆင်းနေသော်လည်း အနိမ့်ပိုင်းများတွင် ရေဆက်လက်ရှိနေကြောင်း၊ အမြင့်ပိုင်းအချို့တွင် ရေ ၁ ပေခန့် ကျန်နေသော်လည်း အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေ ၄ ပေခန့်ရှိနေကြောင်း ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက ပြောသည်။

“ကျေးရွာဘက်မှာတော့ တချို့ ရေနည်းနည်းကျနေပြီး၊ ရေဘေးရှောင်သူကတော့ မလျော့သေးဘူး၊ တချို့ကတော့ အိမ်များရေကျလို့ မိသားစုဝင်တွေ အိမ်သန့်ရှင်းရေး ပြန်လုပ်တာရှိတယ်”ဟု ၎င်းကရှင်းပြသည်။

ဘီးလင်းမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနက ကျပ် ၂၁၀၀ ကို တစ်ပတ်စာ ထောက်ပံ့ပေးထားကြောင်း၊ ပြည်နယ်အစိုးရက ဆန်၊ ရေသန့်နှင့် အသုံးအဆောင်တို့ကို ထောက်ပံ့ထားပေးကြောင်း ၎င်းထံမှသိရသည်။

ဘီးလင်းမြို့ မြစ်ရေကြီးမှုတွင် ကယ်ဆယ်ရေး လုပ်ဆောင်ရာ၌ ရေထဲ မျောပါသွားသည့် တပ်မတော်သား ၃ ဦးအနက် ၂ ဦး၏ အလောင်းကို ပြန်လည်တွေ့ရှိထားပြီး ကျန်တစ်ဦးကိုလည်း ဆက်လက်ရှာဖွေနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။

မွန်ပြည်နယ် ဘီးလင်းနှင့် သထုံမြို့နယ်တို့တွင် ဇူလိုင်လ ၂၅ ရက်မှစ၍ ဘီးလင်းမြစ်ရေကြီးမှုကြောင့် ရပ်ကွက်ကျေးရွာများတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ရာ မော်လမြိုင်-ရန်ကုန်ကားလမ်း၊ ရထားလမ်းတို့ကို ၅ ရက်ခန့် ပိတ်ထားခဲ့ရကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

R-21



FOLLOW US