News

POST TAGGED AS

ပဲခူးတိုင်း

17-Jul-2018

ပဲခူးတိုင်း
ဗိုလ်ချုပ်ရုပ်တုပွဲတွင် ဓားကိုင်လာသူနှင့် မူးယစ်ရမ်းကားသူများကို ဖမ်းဆီး
ပြည်၊ ဇူလိုင် ၁၇

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့တွင် ပြုလုပ်လျက်ရှိသော ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ် နှစ် ၄၀ ပြည့် ပတ္တမြားရတု ညပိုင်းဖျော်ဖြေရေး အခမ်းအနားတွင် ဓားကိုင်ဆောင်လာသူနှင့် မူးယစ်ရမ်းကားသူများကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်မြို့မ ရဲစခန်းမှတာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇူလိုင်လ ၁၆ ရက်နေ့ ညက ကျောက်ရုပ်အနီး စတိတ်စင်ဖြင့် တေးဂီတ ဖျော်ဖြေရေးပြုလုပ်နေစဉ် အဆိုပါပွဲနေရာသို့ ဓားကိုင်ဆောင်လာသူနှင့် မူးယစ်ရမ်းကားသူနှစ်ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

“ညကဖြစ်သွားတာပါ။ ဖျော်ဖြေရေးပွဲအစီအစဉ်မှာ မူးယစ်ရမ်းကားတာရယ် လက်နက်ကိုင်ဆောင်လာတာရယ်ပါ အခုတော့ နှစ်ဦးစလုံးကို အရေးယူမှုတွေ ပြုလုပ်ထားပါတယ်”ဟု ပြည်မြို့မရဲခစန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။

အသက် ၄၄ နှစ်အရွယ်ခန့်ရှိသည့် အမျိုးသားတစ်ဦးသည် ဓားကိုခါးကြား၌ ထိုးကာဖျော်ဖြေပွဲ လာရောက်ကြည့်ရှုသူများအကြား လှည့်လည်သွားလာစဉ် ပွဲကျင်းပသူများက စတင်မြင်တွေ့ကာ လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း ဖျော်ဖြေရေး စတိတ်စင်ရှေ့တွင် လာရောက်ကြည့်ရှုသူများနှင့် စကားများရမ်းကားနေသဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ မူးယစ်ရမ်းကားသူကို (ပ)၆၂၉/၂၀၁၈ ရဲအက်ဥပဒေ ၄၇ အရ အမှုဖွင့်ကာ ဓားကိုင်ဆောင်လာသူကိုမူ (ပ) ၆၃၀/၂၀၁၈ လက်နက်အက် ၁၉ (င)ဖြင့်အမှုဖွင့်အရေးယူထားခဲ့ကြောင်း ပြည်မြို့မရဲစခန်းထံမှ သိရသည်။

ယင်းသို့အရေးယူခံရသူများမှာ ပြည်မြို့ဒေသခံများမဟုတ်ဘဲ ဓားကိုင်ဆောင်လာသူမှာ မကွေးတိုင်း၊ ချောက်မြို့မှဖြစ်ပြီး မူးယစ်ရမ်းကားခဲ့သူမှာ ကရင်ပြည်နယ်၊ ဘားအံမြို့မှဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

M-06



FOLLOW US