News

POST TAGGED AS

ပဲခူးတိုင်း

ကျောက်ကြီးတွင် ကျောင်းသားသုံးဦး ခိုတက်ဖမ်းရာမှ တစ်ဦးပြုတ်ကျသေဆုံး
တောင်ငူ၊ ဇွန် ၁၄

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မေတ္တာရပ်ကွက် အလယ်တန်းကျောင်းခွဲ နှစ်ထပ်စာသင်ဆောင်တစ်ခုတွင် ဇွန်လ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ခိုတက်ဖမ်းသည့် တတိယတန်းကျောင်းသား ၃ ဦး အနက် တစ်ဦးပြုတ်ကျသေဆုံးခဲ့ကြောင်း ကျောက်ကြီးမြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါအလယ်တန်းကျောင်းခွဲနေ အသက် ၁၀ နှစ်ကျော်အရွယ် တတိယတန်းကျောင်းသားသုံးဦးသည် အလျား ၉၂ ပေ၊ အနံပေ ၃၀ ခန့်ရှိသည့် နှစ်ထပ်စာ သင်ဆောင်အပေါ်ထပ်တွင် စာသင်ခုံငါးခုံဆင့်ကာ မျက်နှာကြက်ပေါက်မှတစ်ဆင့် ခိုတက်ဖမ်းရာမှ မောင်စွမ်းပြည့်ဦး ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

“ကျောင်းဆင်းသွားချိန် ကလေးသုံးယောက်က ခိုတက်ဖမ်းကြတာပါ။ အခင်းဖြစ်တဲ့အချိန် သေဆုံးတဲ့ ကလေးက မျက်နှာကြက်ပြားကျွံပြီး အောက်ပြုတ်ကျခဲ့တာပါ”ဟု ကျောက်ကြီးမြို့မ စခန်းမှူး ဒုရဲမှူးအေးထွန်းက ပြောကြားသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ကျောက်ကြီးမြို့မရဲစခန်းက သေမှုသေခင်း အမှတ် ၃/၂၀၁၈ ဖြင့် အမှုဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှသိရသည်။

R-15



FOLLOW US