News

POST TAGGED AS

ပဲခူးတိုင်း

ပဲခူးရှိကျေးရွာများ မီးလင်းရေးကိစ္စ လွှတ်တော်၌ ရှင်းမည်
တောင်ငူ၊ ဇွန် ၁၁

ပဲခူးတိုင်း အရှေ့ခြမ်းမြို့နယ်များရှိ ကျေးရွာများတွင် တာဝန်ယူလုပ်ကိုင်သူများနှင့် ဒေသခံများအကြားဖြစ်ပေါ်နေသော ပြဿနာများကို ဇွန်လ ၂၆ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းမည်ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ဇွန်လ ၂၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ညောင်ပင်ကြီးကျေးရွာ၊ အုတ်တွင်းမြို့နယ် ခေါင်ရမ်းကျေးရွာနှင့် ပဲခူးမြို့နယ် ကမ်းနီကျေးရွာတို့မှ ကျေးရွာမီးလင်းရေး ကော်မတီများနှင့် တာဝန်ရှိသူများမှ ကြားနာခံရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ ထုတ်ပြန်ထားသည်။

“မီးလင်းရေးကိစ္စတွေနဲ့ ပတ်သက်ပြီး တိုင်ကြားသူတွေ တာဝန်ရှိသူတွေနဲ့ ကုမ္ပဏီတွေကို ကြားနာပွဲပြုလုပ်မှာပါ။ ကျေးရွာမီးလင်းရေး မူဝါဒချမှတ်ထားတဲ့ အချက် ၁၀ ချက်နဲ့ ညီမညီ အဖြေပေါ်မယ့်ပွဲပါ”ဟု ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမြို့နယ်တစ်ခုမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ကျေးရွာအချို့တွင် မီးလင်းရေးကော်မတီများနှင့် ဒေသခံများအကြား တိုင်ကြားမှုများနှင့် မကျေလည်မှုများဖြစ်ပေါ်နေပြီး အချို့ရွာများတွင် မီးလင်းရေးကိစ္စများ နှစ်အတန်ကြာအောင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း ပဲခူးတိုင်းအတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလခန့်ကလည်း ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ သောင်ကြီးကျေးရွာအုပ်စုရှိ ကျေးရွာနှစ်ရွာတွင် လွန်ခဲ့သည့် ၅ နှစ်ခန့် ကတည်းက ကိုယ်ထူကိုယ်ထ မီးလင်းရေးလုပ်ငန်းများ ပြီးစီးနေပြီးဖြစ်သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်မပေးသဖြင့် ယနေ့အချိန်ထိ လျှပ်စစ်မီးမရသေးကြောင်း ယင်းကျေးရွာဒေသခံများထံမှ သိရသည်။ 

ပြဿနာအချို့နှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက်က ရှင်းလင်းတင်ပြ ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြေလည်မှုမရှိမှသာ အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြရကြောင်း ယင်းကဲ့သို့ ကျေးရွာမီးလင်းရေး ကြန့်ကြာနေမှုများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက ဆိုသည်။

R-15



FOLLOW US