News

POST TAGGED AS

ပဲခူးတိုင်း

နတ္တလင်းတွင် ဖမ်းခံရသည့် ကျောင်းသားသုံးဦး ပထမအကြိမ်ရုံးထုတ်


ပြည်၊ မေ ၂၁ 

ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းမြို့တွင် ငြိမ်းချမ်းရေးအတွက် ဆုတောင်းလမ်းလျှောက်မှုကြောင့် ဖမ်းဆီးခံခဲ့ရကာ ရဲစခန်းက အမှုဖွင့်အရေးယူပြီးနောက် မေလ ၂၁ ရက်နေ့တွင် နတ္တလင်းမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း အဆိုပါ ကျောင်းသားများထံမှ သိရသည်။

နတ္တလင်းမြို့တွင် မေလ ၁၅ ရက်နေ့က ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် စစ်ပွဲများရပ်ရန်နှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပြီး လမ်းလျှောက်သည့် လူငယ် ၁၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့အနက်မှ သုံးဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူခဲ့ကာ အာမခံဖြင့် တရားရင်ဆိုင်နေခြင်းဖြစ်သည်။ 

“ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာကို အခုတရားရုံးမှာ အပြစ်ရှိသလားမေးတယ်။ ကျွန်တော်တို့ကတော့ အပြစ်မရှိဘူးလို့ပဲ ဖြေတယ်။ အပြစ်မရှိဘူးလို့ပဲ မှတ်ယူတယ်”ဟု ဖမ်းဆီးအရေးယူခံခဲ့ရသည့် နတ္တလင်းမြို့ ဗမာ့လွတ်မြောက်ရေးလူငယ်ကွန်ဂရက် ဥက္ကဋ္ဌ ကိုပိုင်ငြိမ်းဝေက ပြောဆိုသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ရာတွင် မတရားဖမ်းဆီးခဲ့သည့်အတွက် ၎င်းတို့၏မူအရ ဆက်လက် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါနေ့က ဖမ်းဆီးခံရသူများမှာ နတ္တလင်းမြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ (အ.က.သ) ၊ နတ်တလင်းမြို့ ဗမာ့လွတ်မြောက်ရေး လူငယ်ကွန်ဂရက် (BULC)  ကျောင်းသားလူငယ်များနှင့် ပြင်ပမှအခြားလူငယ်တစ်ဦးတို့ပါဝင်ပြီး အမှုဖွင့်အရေးယူခံရသူများမှာ နတ္တလင်းမြို့နယ် အ.က.သ ဥက္ကဋ္ဌ ကိုရီဝေယံ၊ BULC ဥက္ကဋ္ဌ ပိုင်ငြိမ်းဝေနှင့် BULC လူငယ်ရေးရာတာဝန်ခံ ကိုဆောင်းဦးသွင်တို့ဖြစ်သည်။

ယင်းအမှုကို နတ္တလင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က တရားလို လုပ်တရားစွဲဆိုခဲ့ပြီး နတ္တလင်းမြို့နယ် တရားရုံးက ပထမဆုံးရုံးထုတ်မှုတွင် အဆိုပါ လူငယ်သုံးဦးကို အာမခံဖြင့် လွှတ်ပေးခဲ့ပြီး လာမည့် ဇွန်လ ၄ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးချိန်းအဖြစ်ပြန်လည် ချိန်းဆိုကာ အမှုကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။ 

M-06



FOLLOW US