News

POST TAGGED AS

ပဲခူးတိုင်း

ပဲခူး၌ အစိုးရပါဝင်သည့် မီဒီယာအဖွဲ့တစ်ခု ဖွဲ့မည်
တောင်ငူ၊ မေ ၁၉

ပဲခူးတိုင်းအတွင်း မြို့နယ် ၂၈ မြို့နယ်ရှိ အစိုးရဌာနဆိုင်ရာများနှင့် သတင်းမီဒီယာသမားများ ပါဝင်သည့် မီဒီယာကော်မတီတစ်ခု မကြာမီဖွဲ့စည်းမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးစိုးပိုင်က ပြောကြားသည်။

“ခရိုင်နဲ့ မြို့နယ်အလိုက် ဖွဲ့စည်းသွားမှာဖြစ်သလို တိုင်းဒေသကြီးအဆင့်မှာတော့ တိုင်းအစိုးရအဖွဲ့က ဝန်ကြီး ၂ ဦး လောက်ပါမယ်။ သတင်းမီဒီယာကော်မတီ တစ်ခုဖွဲ့စည်းမယ်ဆိုတာ ဖြစ်လာတဲ့ပြဿနာကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး သတင်းမီဒီယာကောင်စီ ဖွဲ့စည်းရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကနဦး သဘောတူ ညှိနှိုင်းထားပြီး ပထမအဆင့် အကြိုဆွေးနွေးပွဲကို မေလ ၁၉ ရက်နေ့က ပဲခူးခရိုင် ပြန်/ဆက် ရုံးတွင် ကျင်းပခဲ့သည်။

သတင်းမီဒီယာသမားများအနေနှင့် မဟုတ်မှန်သည့် သတင်းများရေးသားလာပါက သတင်းမီဒီယာကောင်စီမှ ညှိနှိုင်းဆောင်ရွက် ဖြေရှင်းသွားရန်အတွက် ရည်မှန်းဖွဲ့စည်းခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်တာဝန်ရှိသူက ပြောဆိုသော်လည်း သတင်းမီဒီယာ ဥပဒေရှိနေပြီးဖြစ်ကြောင်း ပဲခူးဒေသခံ သတင်းမီဒီယာသမားများက မှတ်ချက်ပြုသည်။

ပဲခူးတိုင်းဒေသကြီး သတင်းမီဒီယာကောင်စီကို တိုင်းဒေသကြီးအတွင်းရှိ တောင်ငူ၊ ပဲခူး၊ သာယာဝတီနှင့် ပြည်ခရိုင်များရှိ သတင်းမီဒီယာသမားများအနက် ခရိုင်တစ်ခုစီမှ သတင်းမီဒီယာသမား ၂ ဦးစီ ရွေးချယ်ကာ ပြန်/ဆက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အချို့ဖြင့် ထည့်သွင်းဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း ဒေသခံသတင်းသမားများက ပြောကြားသည်။ 

R-15



FOLLOW US