News

POST TAGGED AS

ပဲခူးတိုင်း

ပစ္စေကဗုဒ္ဓါဟု ပြောသည့် ရဟန်းကို လူဝတ်လဲ
ရန်ကုန်၊ မေ ၈

ပဲခူးတိုင်းဒေသကြီးတွင် မိမိကိုယ်ကိုယ် ပစ္စေကဗုဒ္ဓါဟု ပြောကြားနေသည့် ရဟန်းတစ်ပါးကို လူဝတ်လဲစေခဲ့ကြောင်း အဆိုပါတိုင်းဒေသကြီး သံဃနာယကထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ မှော်အင်းကျေးရွာအုပ်စု ခေါင်းလောင်းတိုင်ရွာရှိ မရမ်းစိန်တောင်ကျောင်းတွင် ရောက်ရှိသီတင်းသုံးနေသည့် ဦးပဝရဟူသည့် ရဟန်းတစ်ပါးသည် မိမိကိုယ်ကိုယ် ပစ္စေကဗုဒ္ဓါဟု ပြောဆိုနေပြီး သံဃာများကို ရိုင်းပြစော်ကားနေသည်ဟု တိုင်ကြားချက်အရ တိုင်းသံဃနာယကအဖွဲ့က သွားရောက်စစ်ဆေးကာ လူဝတ်လဲခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ဆေးမှုတွင် မရမ်းစိန်တောင်ကျောင်းမှ ဦးပဝရသည် ရတနာသုံးပါးကို ပစ်ပယ်ခြင်း၊ သာသနာတွင်းဖြစ်လျက် ပစ္စေကဗုဒ္ဓါဟု ဝန်ခံခြင်း၊ ဝါတော်ကြီးသည့် သံဃာတော်များကို ဆဲရေးခြင်းများ ပြုလုပ်ခဲ့ပြီး ပါရာဇိကကျသည်ဟု ဆုံးဖြတ်ကာ လူဝတ်လဲစေခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး သံဃမဟာ နာယကအဖွဲ့ထံမှ သိရသည်။

စစ်ဆေးရာတွင် ဦးပဝရ၏မူလ ဥပဇ္ဈယ်ဆရာတော်နှင့် ၎င်း၏နောက်လိုက် ဒေသခံနှစ်ဦးကိုလည်း စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ရဟန်းဝတ်နှင့် မထိုက်တန်တော့ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းသံဃနာယက ဆုံးဖြတ်ချက်အရသိရသည်။

“သူ့ပြောစကားတွေက ပါရာဇိကကျတဲ့အတွက် တိုင်းသံဃမဟာနာယက ဆုံးဖြတ်ချက်နဲ့ပဲ လူဝတ်လဲစေခဲ့ပါတယ်။ လူဝတ်လဲပြီးတော့မှ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေက ဥပဒေအရ ဆောင်ရွက်စရာရှိတာ ဆောင်ရွက်မှာပေါ့”ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပါရာဇိကအမှုကို ကျူးလွန်ခဲ့ကြောင်း စစ်ဆေးသည့် သံဃာ့အဖွဲ့အစည်းက တွေ့ရှိပါက သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့က ကြဉ်ဖယ်ကာ သာသနာဝင်မှတ်တမ်းကိုလည်း ထုတ်ပေးခြင်း မပြုရန်နှင့် ထုတ်ပေးပြီးပါက ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။

J-08



FOLLOW US