News

POST TAGGED AS

ပဲခူးတိုင်း

ပြည်ပဝယ်လက်မရှိ၍ တောင်ငူမတ်ပဲဈေးကွက် ရပ်တန့်


တောင်ငူ၊ ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမြို့နယ်များတွင် ယခုနှစ် မတ်ပဲရာသီ မတ်လဆန်းခန့်မှ စတင်၍ မတ်ပဲဈေးနှုန်းများ ဆက်တိုက်ကျဆင်းပြီး ပြည်ပဝယ်လက်မရှိသဖြင့် တောင်ငူမတ်ပဲဈေးကွက် ရပ်တန့်ကြောင်း အဆိုပါပဲဈေးကွက်အတွင်းမှ သိရသည်။

မတ်လအတွင်းက မတ်ပဲတစ်တင်းခွဲ တစ်အိတ်လျှင် ကျပ် ၂၄,၀၀၀ ခန့်ဈေးရှိခဲ့သော်လည်း ယခုအခါ မတ်ပဲတစ်တင်းခွဲ တစ်အိတ်လျှင် ကျပ် ၂၁,၂၀၀ အထိ ကျဆင်းလာသည့်အတွက် အရောင်းအဝယ် မရှိတော့ခြင်းဖြစ်ကြောင်း ပဲကုန်သည်များက ဆိုသည်။

“ဈေးတွေ တောက်လျှောက်ကျလာတော့ တောင်သူရော၊ ကုန်သည်ရော ဘာမှလုပ်လို့ မရတော့ဘူး။ အဓိကပြောရရင် အိန္ဒိယက အဝယ်မရှိတဲ့ ပြဿနာပါ”ဟု တောင်ငူမြို့ခံ မတ်ပဲကုန်သည်တစ်ဦးက ပြောကြားသည်။ 

တောင်ငူခရိုင်အတွင်း ယခုနှစ် မတ်ပဲထွက်ရှိမှု ကောင်းမွန်သော်လည်း မတ်ပဲထွက်ရှိချိန်မှစ၍ ဈေးနှုန်းများ စံချိန်တင် ကျဆင်းခဲ့သည့်အတွက် စိုက်ပျိုးစရိတ် တစ်ဧကလျှင် ကျပ်တစ်သိန်းနီးပါးအထိ အရှုံးပေါ်ကြောင်း ထန်းတပင်မြို့နယ် နတ်ရွာဒေသခံ တောင်သူတစ်ဦးက ပြောကြားသည်။

“တစ်ဧကကို ၇ အိတ်ရမှာ သေချာနေတာတောင် မတ်ပဲရိတ်ခ ထပ်အကုန် မခံနိုင်ကြလို့ ဒေသခံ ဘောက်သမားတွေနဲ့ တစ်ဧကရိတ်ရင် ပိုင်ရှင်ဘယ်လောက်၊ ရိတ်သမားဘယ်လောက် ခွဲဝေပြီး ရိတ်ခိုင်းနေရတယ်”ဟု ၎င်းက ပြောကြားသည်။

တောင်ငူပဲဈေးကွက်အတွင်း ၂၀၁၇ ခုနှစ်အတွင်းက မတ်ပဲထွက်ရာသီအတွင်းက မတ်ပဲတစ်တင်းခွဲတစ်အိတ် ကျပ် ၆၀,၀၀၀ ခန့် ရရှိခဲ့သော်လည်း ယခုအခါ မတ်ပဲတစ် တင်းခွဲတစ်အိတ်လျှင် ကျပ် ၂၁,၂၀၀ အထိ ကျဆင်းလျက်ရှိကြောင်း အဆိုပါပဲဈေးကွက်အတွင်းမှ သိရသည်။

R-15



FOLLOW US