News

POST TAGGED AS

ပဲခူးတိုင်း

ရေနစ်သေဆုံးခဲ့မှုကို ပြန်လည်စစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်
တောင်ငူ၊ ဧပြီ ၂၁

ပဲခူးတိုင်း တောင်ငူမြို့နယ် နေပူကုန်း ကျေးရွာအုပ်စု ဝမ်းဘဲဇာကျေးရွာ လမ်းဘေးရေမြောင်းထဲတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ရေနစ်သေဆုံးသူအမျိုးသား၏ အမှုကို တရားရုံးတွင် စစ်ဆေးရာမှ ငါးလခန့်အကြာ ဧပြီလအတွင်း လူသတ်မှုအဖြစ် ပေါ်ပေါက်ခဲ့ကြောင်း ကျွန်းကုန်း နယ်မြေရဲစခန်းထံမှ သိရသည်။

“တရားသူကြီးရဲ့ ပြန်ကြားစာအရ ဓမ္မတာအတိုင်း သေဆုံးမှုမဟုတ်ကြောင်း သိရတဲ့အတွက် လူသတ်မှု ပုဒ်မနဲ့ ဧပြီလ ၂၀ ရက်နေ့က ပြောင်းလဲအမှုဖွင့်လှစ်ခဲ့တာပါ။ ပြစ်မှုကျူးလွန်သူကိုတော့ စုံစမ်းရှာဖွေနေဆဲပါ”ဟု ကျွန်းကုန်းနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သေဆုံးသူမှာ ဝမ်းဘဲဇာကျေးရွာနေ ဦးအောင်သူ (ခ) ကြာလှ (၂၃ နှစ်) ဆိုသူဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ညပိုင်းက ကျေးရွာရေမြောင်းအတွင်း ရေနစ်သေဆုံးသည့် လက္ခဏာများဖြင့် တွေ့ရှိခဲ့ရသည့်အတွက် ကျွန်းကုန်း နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ် ၆/၂၀၁၇ ဖြင့် စစ်ဆေးပြီး တောင်ငူမြို့နယ် တရားရုံးတွင် ရာ/သေးအမှု ၁၄/၂၀၁၈ ဖြင့် လက်ခံစစ်ဆေးနေရာမှ သက်သေများ၏ ထွက်ဆိုချက်အရ ဓမ္မတာအတိုင်း သေဆုံးခြင်းမဟုတ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် လူသတ်မှုပုဒ်မဖြင့် ပြောင်းလဲအမှုဖွင့်လှစ် စစ်ဆေးနေခြင်းဖြစ်ကြောင်း အဆိုပါနယ်မြေ ရဲစခန်းထံမှ သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ကျွန်းကုန်း နယ်မြေရဲစခန်းက (ပ) ၁၄၀/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးကာ တရားခံကိုဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးနေကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။ 

R-15



FOLLOW US