News

POST TAGGED AS

ပဲခူးတိုင်း

စစ်တောင်းမြစ်ကမ်းပါးပြို၍ နေအိမ် ၃၀ ခန့် အရေးပေါ်ပြောင်းရွှေ့


တောင်ငူ၊ မတ် ၂၇

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကန်တော်ကျေးရွာရှိ စစ်တောင်းမြစ်ကမ်းပါးနှင့် နီးကပ်နေသည့် လူနေအိမ်ခြေ အလုံး ၃၀ ခန့်သည် မတ်လ တတိယပတ်ခန့်မှစတင်ပြီး မြစ်ကမ်းပါးပြိုကျမှုများကြောင့် အရေးပေါ်ပြောင်းရွှေ့မှုများ ပြုလုပ်နေကြရကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

ထိုသို့ စစ်တောင်းမြစ်ကမ်းပါး ပြိုကျနေမှုများကြောင့် လူနေအိမ်ခြေများ ရွှေ့ပြောင်းနေရသည့် မိသားစုဝင်များကို တစ်စုလျှင် ငွေကျပ်တစ်သိန်းထောက်ပံ့ပေးသည်မှအပ အခြားမြေနေရာ အစားထိုးမပေးသည့်အတွက် နွမ်းပါးသည့် အိမ်ထောင်စုဝင်များအနေနှင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၎င်းတို့က ဆိုသည်။

“အောက်ဘက်မှာလည်း အချို့ရွာတွေကုန်သွားပြီ။ ကျွန်မတို့ရွာလည်း မနှစ်ကဆို တချို့အိမ်ဆို ရွှေ့ချိန်တောင် မရဘူး။ ခုလထဲမှာ ကျွန်မတို့အပါအဝင် အိမ်ခြေ ၃၀ ကျော် နီးစပ်ရာ လယ်ကွက်တွေထဲ ရွှေ့နေခဲ့ရတယ်”ဟု ကန်တော်ကျေးရွာဒေသခံ ဒေါ်ဌေးဌေးက ပြောကြားသည်။

ပဲခူးတိုင်း အရှေ့မုတ္တမ ပင်လယ်ကွေ့အနီးရှိ စစ်တောင်းမြစ်ကမ်းပါးပြိုကျ ပျက်စီးမှုများကြောင့် နေအိမ်ရွှေ့ပြောင်းခဲ့ရသော ကျေးရွာပေါင်း ၆ ရွာရှိ အိမ်ထောင်စုဝင်များကို မတ်လ ၁ ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်နှင့်အိမ်ဆောက်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သော်လည်း ယခုထပ်မံရွှေ့ပြောင်းနေရသည့် ကျေးရွာအချို့ မပါဝင်သေးပေ။

“အခုရွှေ့ပြောင်းနေရတဲ့ အိမ်တွေကို တစ်အိမ်ထောင် တစ်သိန်းနဲ့တစ်ပတ်စာ ဆန်၊ ဆီ၊ ဆား ထောက်ပံ့ပေးထားတယ်။ နေရာကတော့ အုပ်ချုပ်ရေးပိုင်းနဲ့ ကာယကံရှင်တွေ ကိုယ်တိုင်ရှာဖွေနေကြတယ်။ နောက်ပိုင်းမှာတော့ လယ်မြေတွေဘာတွေ ဆိုရင်တော့ အခြားနည်းလမ်းနဲ့ပြောင်းလဲ သုံးစွဲခွင့်ကူညီပေးသွားမယ်”ဟု ကဝမြို့နယ် တိုင်းဒေသကြီး အမှတ်၂ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်က ပြောကြားသည်။

သနပ်ပင်နှင့် ကဝမြို့နယ်များရှိ စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုနှင့် ကြုံတွေ့နေရသော ကျေးရွာများသည် ပင်လယ်နှင့်နီးကပ်သည့် နေရာများဖြစ်နေသည့်အတွက် ပြည်ပအကူအညီရရှိလျှင်လည်း ကမ်းပါးထိန်းသိမ်းမှုများ ဆောင်ရွက်ရန် မဖြစ်နိုင်သည့်အတွက် လုံခြုံစိတ်ချရသည့် နေရာများတွင် ကျေးရွာများ တည်ထောင်ပေးရန်ပြင်ဆင်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် စစ်တောင်းမြစ်ကမ်းပါးတစ်လျှောက် တည်ရှိနေသည့် ကျေးရွာပေါင်း ၅၀ နီးပါးသည် မြစ်ကမ်းပြိုကျမှု ဘေးအန္တရာယ်နှင့်ကြုံတွေ့နေရပြီး လက်ရှိဘန်ဒါ၊ ကန်တော်၊ ကံရအပါအဝင် ကျေးရွာပေါင်း ၆ ရွာက ကြိုတင်ပြောင်းရွှေ့မှုများ ပြုလုပ်နေသည်။

“ဒီဘက်မှာလည်း နှစ်စဉ်နှစ်တိုင်း ကမ်းပါးပြိုကျနေတာ အိမ်တွေပြောင်းလို့ မမီဘဲပါသွားတာမျိုးရှိတယ်။ ညောင်းခါးယားဘက်မှာလည်း ပြိုနေတာပဲ။ အစိုးရကူညီ ထောက်ပံ့တာမျိုး ဒီဘက်မှာတော့ မရှိသေးဘူး”ဟု သနပ်ပင်မြို့နယ် ကသစ်ခုံကျေးရွာဒေသခံ ဦးစိုးသိန်းက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး သနပ်ပင်နှင့် ကဝမြို့နယ်များရှိ စစ်တောင်းမြစ်ကမ်းပါးတစ်လျှောက် ကျေးရွာများသည် နှစ်စဉ်မြစ်ကမ်းပြိုကျမှုများကြောင့် စိုက်ခင်းသီးနှံများ ပျက်စီးဆုံးရှုံးခြင်း၊ ကျေးရွာများရွှေ့ပြောင်းရခြင်းများ ကြုံတွေ့နေရသည်။

R-15



FOLLOW US