News

POST TAGGED AS

ပဲခူးတိုင်း

ပြည်တွင် ယခုဘဏ္ဍာနှစ်အတွင်း အခွန်ကျပ်သန်း ၃၀၀၀ ကျော်ရရှိ
ပြည် ၊ မတ် ၂၄

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့နယ်တွင် ယခုဘဏ္ဍာနှစ်အတွင်း အခွန်ငွေကျပ်သန်းပေါင်း ၃၀၀၀ ကျော် ကောက်ခံရရှိခဲ့ကြောင်း ပြည်မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောကြားသည်။

ပြည်မြို့နယ်တွင် ကုန်သွယ်လုပ်ငန်း ခွန်၊ ဝင်ငွေခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်၊ အထူးကုန်စည်ခွန်တို့မှ ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လ ၂၂ ရက်နေ့အထိ ကျပ်သန်းပေါင်း ၃၀၄၈ သန်းကောက်ခံရရှိပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလတွင် ၂၇၉၆ သန်းထိသာ ကောက်ခံရရှိခဲ့၍ ကျပ်သန်းပေါင်း ၂၅၀ ကျော် ပိုမိုကောက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ စုံစမ်းသိရှိရသည်။ 

“အဓိကကတော့ စည်းကြပ်မှုပိုပြီးတော့ လုပ်နိုင်တယ်။ အကြွေးတွေပိုရတယ်။ မတ်လမကုန်ခင် ရာနှုန်းပြည့်နီးပါး ကောက်ခံနိုင်မယ်။ ဖိဖိစီးစီးလုပ်နိုင်လာတာရယ် ကြိုတင်ခွန်သွင်းတာတွေလည်းပါတယ်”ဟု အဆိုပါဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောဆိုသည်။

ယခုဘဏ္ဍာနှစ်အတွက် အခွန်ကောက်ခံရရှိမှု လျာထားငွေမှာ ကျပ်သန်းပေါင်း ၃၃၂၇ သန်းဖြစ်ပြီး မတ်လကုန်တွင် ပြည့်မီနိုင်ကြောင်း၊ အခွန်ကြွေးကျန် ၁၂၆၁ သန်းရှိသည့်အနက် ကျန်ခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ ၃၂၅ သန်းအထိ ကောက်ခံရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်မြို့နယ်တွင် စက်မှုဇုန်လုပ်ငန်းများ၊ ပွဲရုံလုပ်ငန်းများ၊ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများ၊ စားသောက်ဆိုင်၊ ဈေးဆိုင်၊ စတိုးဆိုင်လုပ်ငန်းများမှ အခွန်အများဆုံး ကောက်ခံရရှိပြီး ပြည်မြို့နယ်တစ်ခုလုံးတွင် အခွန်ထမ်းပြည်သူ ၃၃၀၂ ဦး ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

M-06



FOLLOW US