News

POST TAGGED AS

ပဲခူးတိုင်း

တပ်ပိုင်အိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟုဆိုကာ အမျိုးသားနှစ်ဦးကို အမှုဖွင့်
တောင်ငူ၊ မတ် ၂၀

ပဲခူးတိုင်း အုတ်တွင်းမြို့နယ် အနောက်ဘက် ပေါက်တောကျေးရွာအုပ်စု အမှတ် ၂၀၄ တပ်ရင်းပိုင် ပေါက်တောကြိုးဝိုင်း အကွက်အတွင်း ဝင်ရောက်မီးရှို့၍ အိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟုဆိုကာ အမျိုးသားနှစ်ဦးကို အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

ဗောဓိကကျေးရွာနေ ဦးထက်လင်းအောင် (၂၀ နှစ်) နှင့် ဦးစိုးလေး (၄၅ နှစ်) ဆိုသူတို့ကို မတ်လ ၁၂ ရက်နေ့က တပ်ပိုင်မြေအတွင်း ကျူးကျော်မီးရှို့သဖြင့် ယင်းတပ်ရင်းပိုင် သွပ်မိုးထရံကာ၊ ပျဉ်ခင်းလူနေအိမ်တစ်လုံး ပျက်စီးခဲ့သည်ဟုဆိုကာ အမှတ် ၂၀၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်စွာမင်းက မတ်လ ၁၆ ရက်နေ့က စာရေးသား ပေးပို့တိုင်ကြားခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။ 

“ဒီမြေက ပလပ်မြေဖြစ်လို့ ကျွန်တော်ကိုယ်တိုင် တိုင်းကိုလျှောက်ထားပြီးဖြစ်လို့ ဒီနေ့တင်စစ်ဆေးမယ့် အလုပ်လုပ်နေတာပါ။ အခုကျွန်တော့် အလုပ်သမားကို ဘယ်သူရှို့မှန်းမသိတဲ့ အမှုနဲ့ဖမ်းထားတယ်။ ဒီဖြစ်စဉ်က တပ်က အနိုင်ကျင့်နေသလိုခံစားရတယ်”ဟု ဦးထက်လင်းအောင်၏ဖခင် ဦးစိုးတင့်က ပြောကြားသည်။

အမှတ်၂၀၄ တပ်ရင်းကို ၁၉၉၈ ခုနှစ်က ပြည်ထဲရေးဝန်ကြီးဌာနမှ၂၀၀၀/၂-၅ ဦး (ခ) ဖြင့် ချထားပေးခဲ့သည့် ပေါက်တောကြိုးဝိုင်းမြေ ဦးပိုင်အမှတ် ၆ မှ ၁၂ အထိ မြေဧရိယာ ၁၁၉၈ ဒသမ ၅၆၂ ဧကရှိကြောင်း ယင်းတပ်ရင်း၏ စာအတွင်းဖော်ပြထားသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ တပ်ပိုင်မြေကို ကျူးကျော်ဝင်ရောက်သည့်အပြင် မီးရှို့ဖျက်ဆီးခဲ့သည်ဟုဆိုကာ ဦးထက်လင်းအောင်နှင့် ဦးစိုးလေးတို့နှစ်ဦးကို အုတ်တွင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၄၇ /၂၈၅ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အဆိုပါတပ်ရင်းပိုင်မြေကို ဝင်ရောက်ကျူးကျော်ထွန်ယက်ခဲ့သည့် အမျိုးသားနှစ်ဦးကိုလည်း တရားစွဲဆိုထားသည်။

R-15



FOLLOW US