News

POST TAGGED AS

ပဲခူးတိုင်း

28-Feb-2018

ပဲခူးတိုင်း
တပ်ပိုင်မြေ ကျူးကျော်ဖျက်ဆီးသည်ဟုဆိုကာ အမျိုးသားနှစ်ဦးကို အမှုဖွင့်
တောင်ငူ၊ ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်ရှိ အမှတ် ၂၀၄ တပ်ရင်းပိုင်ဆိုင်သည့် ပေါက်တောကြိုးဝိုင်း ဦးပိုင်မြေနေရာအတွင်း ကျူးကျော်ဝင်ရောက်ကာ ခြံစည်းရိုးခတ်ပြီး တပ်ပိုင်မြေ အမှတ်အသား ဆိုင်းဘုတ်ကို ဖျက်ဆီးသည်ဟုဆိုကာ ဒေသခံ အမျိုးသားနှစ်ဦးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက အမှုဖွင့်လှစ်ခဲ့ကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရသည်။

ကျပ်သိန်း ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟုဆိုကာ အဆိုပါ တပ်ရင်းမှ တပ်ထောက် ဗိုလ်ကြီးကျော်စွာမင်းက တရားလိုပြုလုပ်ကာ အုတ်တွင်းမြို့မရဲစခန်းတွင် အမှုဖွင့်လှစ် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

အမှတ် ၂၀၄ တပ်ရင်းကို ၁၉၉၈ ခုနှစ်က ပြည်ထဲရေး ဝန်ကြီးဌာနမှ ပေါက်တောကြိုးဝိုင်းမြေ ဦးပိုင်အမှတ် ၆ မှ ၁၃ အထိ မြေဧရိယာ ၁၁၉၈ ဒသမ ၆၂ ဧကထိ သတ်မှတ်ပေးခဲ့သည်။

အမှုနှင့်ပတ်သက်ပြီး တပ်ပိုင်မြေကို ကျူးကျော်ဖျက်ဆီးသည်ဟုဆိုသော ဦးသန်းထိုက် (၄၅ နှစ်)နှင့် ဦးစိုးတင့် (၄၆ နှစ်)တို့ကို အုတ်တွင်းမြို့မရဲစခန်းက ရာဇ သတ်ကြီးပုဒ်မ ၄၄၇/ ၄၂၇ ဖြင့် အမှုဖွင့် လှစ်ကာ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

ယခုနှစ်ဇန်နဝါရီလ ၁၉ ရက်နေ့က ပဲခူးတိုင်း အုတ်တွင်းမြို့နယ်ရှိ အမှတ် ၄၈ ခြေလျင်တပ်ရင်းပိုင် မြေယာများတွင် ကျူးကျော်အိမ်ရာ ဆောက်လုပ်နေထိုင်ကြသည့် ဒေသခံ အမျိုးသားလေးဦးကို တပ်မတော်က အမှုဖွင့်လှစ်ခဲ့သည်။

R-15



FOLLOW US