News

POST TAGGED AS

ပို့ကုန်မဟာဗျူဟာ

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်တွင် ပိုင်ရှင်မဲ့ ကုန်တင်သင်္ဘောတစ်စင်းကို တွေ့ရှိ


ရန်ကုန်၊ ဩဂုတ် ၃၀

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သုံးခွမြိုနယ်နှင့် ထိစပ်နေသော မြန်မာ့ပင်လယ်ရေပြင်ပိုင်နက်တွင် ဩဂုတ်လ ၃၀ ရက် နံနက်ပိုင်းက အင်ဒိုနီးရှားအလံ တင်ထားသည့် ပိုင်ရှင်မဲ့ ကုန်တင်သင်္ဘောတစ်စင်းကို တွေ့ရှိထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

“သင်္ဘောကနေ အရေးပေါ် အကူအညီတောင်းတဲ့ S0S မပို့ထားသလို စွန့်လွှတ်ကြောင်း မကြေညာဘဲ ဒီအတိုင်းထားခဲ့ပုံရတယ်။ မြန်မာရေပိုင်နက်ထဲမှာရှိပေမယ့် ဆိပ်ကမ်းအာဏာပိုင်ရဲ့ လုပ်ပိုင်ခွင့်ဧရိယာထဲမှာ ရှိမနေဘူး။ သက်တမ်းကြာနေတဲ့ သင်္ဘောတွေနဲ့ သောင်တင်တဲ့သင်္ဘောတွေကို ပြန်လည်ဆွဲယူရမယ့် ကုန်ကျစရိတ်နဲ့ ပြင်ဆင်စရိတ် မကာမိလို့ ဒီအတိုင်း စွန့်ထားခဲ့ပုံရတယ်”ဟု မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

သင်္ဘောသားနှင့် ကုန်ပစ္စည်းများမပါရှိသည့် သောင်တင်နေသော အဆိုပါ ကုန်တင်သင်္ဘောကို သုံးခွတောင်ဘက်စွန်း သမစိတ္တကျေးရွာမှ ရေမိုင် ခြောက်မိုင်ခန့်အကွာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းသင်္ဘောရှိရာသို့ အမှတ် (၁) ဗျူဟာစစ်ရေ ယာဉ်မှ တပ်မတော်အရာရှိများ၊ သုံးခွမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ရဲ တပ်ဖွဲ့ဝင်များက ဩဂုတ်လ ၃၀ ရက် နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ရာ ပိုင်ရှင်မဲ့ ကုန်တင်သင်္ဘောအနီးတွင် ရှိနေသော ငါးဖမ်းစက်လှေ နှစ်စင်းပေါ်မှ မသင်္ကာဖွယ် ရေလုပ်သားငါးဦးကို တွေ့ရှိခဲ့သည်။

“ငါးဖမ်းလှေနှစ်စီးပေါ်က ရေလုပ်သားငါးယောက်ရဲ့ ထွက်ဆိုချက်အရဆို ဒီကုန်တင်သင်္ဘောက ပင်လယ်ထဲ မျောပါလာပြီး ဩဂုတ်လ ၂၈ ရက် မနက်ပိုင်းက သောင်တင်နေတာလို့ သိရတယ်။ ရေလုပ်သား ရှစ်ယောက်ထဲမှာ သုံးယောက်က ကုန်တင်သင်္ဘောအပေါ် တက်ခဲ့တယ်လို့ ကနဦး သတင်းလောက်ပဲ သိရသေးတယ်။ အထက်လူကြီးဆီ သတင်းအစုံအလင် တင်ပြနိုင်ဖို့ လတ်တလော ဆောင်ရွက်နေဆဲပါ”ဟု ရဲအရာရှိက ရှင်းပြသည်။

IMO Website မှရရှိသော အချက်အလက်များအရ အဆိုပါသင်္ဘော ယခုနှစ် ဇူလိုင်လကုန်တွင် အင်ဒိုနီးရှားအနောက် ပစိဖိတ်ဒေသမှ ပလာယုကျွန်းနိုင်ငံတွင် ပြောင်းလဲမှတ်ပုံတင်ခဲ့ပြီး သင်္ဘောအမည်နှင့် သတင်းအချက်အလက်များ မှန်ကန်ကြောင်း အတည်ပြုပြီးသည့်အခါတွင် ပိုင်ရှင်ဖြစ်သူနှင့် ဆက်သွယ်ပြီး မြန်မာကုန်တင် သင်္ဘောဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်္ဘောသောင်တင်သည့် နေရာအနီးတွင် ရေကြောင်းသတိပေးချက် ထုတ်ပြန်သွားမည်ဟု ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အလျား ၁၇၃ ဒသမ ၃၅ မီတာ၊ အနံ ၂၇ ဒသမ ၉၁ မီတာ ၊ အလေးချိန် ၂၆၅,၅၁၀ တန်ရှိ ပိုင်ရှင်မဲ့ ကုန်တင်သင်္ဘောအနီးရှိနေသော ငါးဖမ်းစက်လှေနှစ်စင်းပေါ်မှ ရေလုပ်သားများမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အတွင်းရှိ ကျေးရွာများတွင် နေထိုင်သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 

“သင်္ဘောအနေနဲ့ မှတ်ပုံတင် သက်တမ်းကျော်အောင် သုံးစွဲခဲ့ရင် ဥပဒေအရ သူ့နိုင်ငံ ပြန်ရောက်ရင် သင်္ဘောလည်း သိမ်းပါတယ်။ ဒဏ်ငွေလည်း ဆောင်ရပါတယ်။ ဒီသင်္ဘောက သက်တမ်းကျော်နေတဲ့အတွက် ပိုင်ရှင်တွေက ဒဏ်ငွေလွတ်ကင်းအောင် နိုင်ငံတစ်ခုခုမှာ သင်္ဘောထိုးတင်ပြီး သူ့နိုင်ငံကို နစ်မြုပ်စာရင်းပြရင် ဒဏ်ငွေလွတ်ပါတယ်။ ဒီတော့ တစ်ခုပဲ အဆုံးခံတဲ့သဘောနဲ့ မြန်မာရေပိုင်နက်ထဲမှာ ထားခဲ့တာ ဖြစ်နိုင်ပါတယ်”ဟု သင်္ဘောသားတစ်ဦးဖြစ်သည့် ဦးတင်မောင်က ဆိုသည်။

S-03၊ J-10



FOLLOW US