News

POST TAGGED AS

ပုသိမ်

03-Dec-2016

ပုသိမ်
ပုသိမ်တွင် အထည်ချုပ်လုပ်သား ၈ဝဝ ကျော် ဆန္ဒထုတ်ဖော်


ပုသိမ်၊ ဒီဇင်ဘာ ၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက် ပုသိမ်စက်မှုဇုန်ရှိ He Shan (Myanmar) Garment Co., Ltd. မှ အထည်ချုပ်လုပ်သား ၈ဝဝ ကျော်က အလုပ်ချိန်နှင့် လုပ်အား ခေါင်းပုံဖြတ်ခံရမှု အပါအဝင် နစ်နာမှုများနှင့် ပတ်သက်၍  ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက  အလုပ်ရှင်နှင့် စက်ရုံ အုပ်ချုပ်ရေးအဖွဲ့ကို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒပြ လုပ်သားများထံမှ သိရသည်။

 

အဆိုပါ အထည်ချုပ်စက်ရုံက  အချိန်ပို လုပ်အားခများ မပေးခြင်း၊ အလုပ်ချိန်အတွင်း ဆဲဆိုဆက်ဆံခြင်း၊ ဝန်ထမ်းများကို အထည် ၄ဝဝ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ စွပ်စွဲပြောဆိုခြင်း၊ လုပ်သား ၁ဝ ဦးခန့်ကို အကြောင်းမဲ့ အလုပ်ထုတ်ပစ်ခြင်း၊ အလုပ်ချိန် ပြီးဆုံးသော်လည်း ကိုယ်ပိုင်အချိန်တွင်းမှ သန့်ရှင်းရေး လုပ်ခိုင်းခြင်း၊ လူမှုရေး၊ ကျန်းမာရေးတို့အတွက် ခွင့်ရက်မပေးခြင်း စသည့် နစ်နာမှုများကြောင့် လုပ်ငန်းခွင်ရှိ ကြီးကြပ်သူများနှင့် တိုင်ပင်ပြီး အထည်ချုပ်စက်ရုံ အုပ်ချုပ်မှုအဖွဲ့နှင့် တွေ့ဆုံကာ ဆန္ဒဖော်ထုတ် တောင်းဆိုရခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

 

“ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသားကို မခိုးဘဲနဲ့ သူခိုးစွပ်စွဲတာတွေကို မကျေနပ်ဘူး၊ ဒီနေ့ (ဒီဇင်ဘာ ၂ရက်) လည်း အလုပ်သမား နှစ်ယောက်ကို အထည်မခိုးဘဲ အကြောင်းမဲ့ အလုပ်ထုတ်တယ်၊ မကျေနပ်ချက်တွေကို တာဝန်ရှိသူတွေ သိအောင်လို့ ရင်ထဲက ဆန္ဒကို ဖော်ထုတ်ရတာပါ” ဟု  အထည်ချုပ် အလုပ်သမ မသဲစုမြတ်က ပြောကြားသည်။

 

ယင်းအထည်စက်ရုံတွင်ပုသိမ်၊ ငပုတော၊ ကန်ကြီးထောင့်၊ သာပေါင်း မြို့နယ်ရှိ ကျေးရွာများမှ နေထိုင်သူများမှာ ကြိုပို့ယာဉ်များဖြင့် လာရောက်လုပ်ကိုင်ရကြောင်း၊ ညဘက်အချိန်ပို ဆင်းရပါက  ည ၁ဝ နာရီကျော်မှ အိမ်ပြန်ရောက်လေ့ ရှိသော်လည်း အချိန်ပိုကြေး မပေးကြောင်း၊ အလုပ်တက်ချိန် နံနက် ၇ နာရီ ခွဲ မှ ညနေ ၄ နာရီ ဖြစ်သော်လည်း သန့်ရှင်းရေး သို့မဟုတ် အစည်းအဝေးတို့ကြောင့် အလုပ်ဆင်းချိန်မှာ ညနေ ၆ နာရီ ဖြစ်နေကြောင်း၊ ထမင်းစားချိန် နာရီဝက်အတွင်းမှာပင် အလုပ်စေခိုင်းကြောင်း အထည်ချုပ် လုပ်သားများက ပြောဆိုသည်။

 

“စက်ရုံက အထည်စခိုးတယ် ဆိုပြီး အလုပ်ထုတ်တာပါ၊ အမှိုက်ပုံထဲ စွန့်ပစ်တဲ့ အမှိုက်သာသာ ပိတ်စကို ကောက်ပြီး ဆိုင်ကယ်ဖုန်သုတ်တာပါ၊ ဒါကို စက်ရုံက အထည်စ ခိုးတယ်ဆိုပြီး အလုပ်ထုတ်တာ၊ ကျွန်တော် သစ္စာရှိရှိ အလုပ်လုပ်နေတာပါ၊ အရမ်းရှက်ပါတယ်” ဟု လုပ်သက် တစ်နှစ်ကျော် ရှိသော ကုန်စည်ထုပ်ပိုး ပို့ဆောင်ရေး လုပ်သားကို သန်းဇော်ထွန်းက ပြောဆိုသည်။

 

ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံ အများစုတွင် အစမ်းခန့်ကာလ လုပ်အားခ တစ်နေ့ ၁၈ဝဝ ကျပ်နှုန်းဖြင့် ၆ လ ခန့်ထားပြီးနောက် တစ်နေ့လျှင် ၃၆ဝဝ ကျပ်နှုန်းဖြင့် တိုးမြှင့်ပေးကြောင်း၊ တစ်နှစ်ပြည့်ပြီး လုပ်ငန်းကျွမ်းကျင်လာပါက ၅၄ဝဝ ကျပ်နှုန်း တိုးမြှင့်ပေးကြောင်း၊ သို့သော် လုပ်အားခ ၅၄ဝဝ ကျပ်အထိ လုပ်အားခ တိုးမြှင့်ပေးခံရတော့မည့် လုပ်သက်ရင့် အလုပ်သမားများကို အကြောင်းအမျိုးမျိုးပြကာ အလုပ်ထုတ်ပစ်ပြီး တစ်နေ့ ၁၈ဝဝ ကျပ်သာ ပေးရသော အခြေခံလုပ်သားကို အစားထိုးခန့်ထားသည်ကို တွေ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး အလုပ်သမားများသမဂ္ဂမှ ဦးထွန်းထွန်းက ပြောကြားသည်။

 

ဒီဇင်ဘာလ ၂ ရက်နေ့က စက်ရုံပိုင်ရှင်၊ မန်နေဂျာ၊ အလုပ်သမား ဝန်ကြီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် အလုပ်သမား ကိုယ်စားလှယ် ၅ ဦးတို့ တွေ့ဆုံကာ အလုပ်ချိန် ၈ နာရီ သတ်မှတ်ရန်၊ အချိန်ပိုကို အလုပ်သမားများ၏ ဆန္ဒဖြင့်  သတ်မှတ်ရန်၊ တနင်္ဂနွေနေ့ ပိတ်ရက်၊ ရှောင်တခင် ခွင့်ရက်နှင့် လုပ်သက်ခွင့် ၁ဝ ရက်ပေးရန်၊ အလုပ်သမားများက အလုပ်ခွင်တွင်းမှ မည်သည့်ပစ္စည်းမှ မယူဆောင်ရန်၊ အလုပ်ထုတ်ခံသူများကို အလုပ်ပြန်လည် ခန့်ထားပေးနိုင်ရန် ဒီဇင်ဘာ ၆ ရက်နေ့တွင် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၏ လမ်းညွှန်မှုအရ ဆောင်ရွက်ရန်အတွက် ကနဦး သဘောတူ လက်မှတ်ထိုးကြကြောင်း အထည်ချုပ် လုပ်သားကိုယ်စားလှယ်များထံမှ သိရှိရသည်။


  • VIA


FOLLOW US