News

POST TAGGED AS

ပုသိမ်

10-Nov-2016

ပုသိမ်
ပုသိမ် တန်ဆောင်တိုင် မီးမျှောပွဲ မကျင်းပတော့ဟုဆို

 

ပုသိမ်၊ နိုဝင်ဘာ ၉                          

 

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျရောက်မည့် တန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ နှစ်စဉ် ကျင်းပသော မီးမျှောပွဲနှင့် ဆီမီး တစ်သိန်း ပူဇော်ပွဲကို ယခုနှစ်တွင် တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ကျင်းပမည် မဟုတ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

 

“နှစ်တိုင်း တိုင်းအစိုးရအဖွဲ့က တာဝန်ယူပြီး လုပ်တယ်လို့သိရတယ်၊ ဒီနှစ်တော့ တိုင်းအစိုးရအနေနဲ့ ဘာမှလုပ်ဖြစ်မှာ မဟုတ်ပါဘူး၊ အဲဒါမျိုးတွေ လုပ်ဖို့ ဘတ်ဂျက်လည်း မရှိပါဘူး၊ အလှူခံပြီး ဆောင်ရွက်ဖို့ ဆိုတာလည်း အဆင်မပြေပါဘူး”ဟု ဧရာဝတီ တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က ရှင်းပြသည်။

 

ယခင်အစိုးရ လက်ထက်က တန်ဆောင်တိုင် ပွဲတော်အတွင်း ပုသိမ်မြို့ကမ်းနား လမ်းရှိ ရှုခင်းသာ ရင်ပြင်တွင် ဆီမီး တစ်သိန်း ပူဇော်ပွဲ၊ စတုဒိသာကျွေးပွဲများ၊ ငဝန် မြစ်အတွင်း မီးမျှောပွဲ၊ ရှင်ဥပဂုတ္တ ဖောင်တော် မျှောပွဲများ ပြုလုပ်ခဲ့ပြီး မီးရှူး မီးပန်းများ ပစ်ဖောက်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

“အစိုးရအဖွဲ့လို့တော့ ခေါင်းစဉ် တပ်ပြီး လုပ်ခဲ့တာပဲ၊ ဘယ်က ငွေတွေနဲ့ ဘယ်လိုလုပ်ခဲ့တယ် ဆိုတာတော့ ဘာမှ မသိရပါဘူး၊ တကယ် လုပ်ခဲ့ရတာကတော့ ဝန်ထမ်းတွေနဲ့ လုပ်ငန်းရှင်တွေပါ၊ ဘယ်သူမှလည်း အကောင်း မနေခဲ့ရတဲ့ပွဲ တစ်ခုပေါ့ဗျာ”ဟု ပုသိမ်မြို့နေ အငြိမ်းစားအရာရှိ တစ်ဦးက ပြောကြားသည်။

 

ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာ ရင်ပြင်တွင် စတုဒိသာ ကျွေးမွေးခြင်း၊ ကာတွန်း မီးပုံးထွန်းခြင်းများကို တိုင်းဒေသကြီး အစိုးရထံ တင်ပြထားကြောင်း တန်ဆောင်တိုင် မီးထွန်းပွဲ စီစဉ်သူဦးသူ နေအောင်က ပြောဆိုသည်။

 

ပုသိမ်မြို့တွင် ကမ်းနားလမ်းရှိ ရေဆင်း တန်ဆောင်းတွင် ပုသိမ်မြို့ပေါ်မှ လူငယ်များ စုပေါင်းကာ တန်ဆောင်တိုင် လပြည့်နေ၌ သီးစုံဒံပေါက်ဖြင့် စတုဒိသာ ကျွေးမွေး လှူဒါန်းမည်ဖြစ်ပြီး ကမ်းနားလမ်း ရှုခင်းသာရင်ပြင်တွင် ကာတွန်းမီးပုံး ၂ဝဝ ထွန်းညှိသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။


  • VIA


FOLLOW US