News

POST TAGGED AS

ပုသိမ်

24-Jul-2018

ပုသိမ် ကားလမ်း
ပုသိမ်မြို့လယ် နိုင်လွန်လမ်းမကြီးခင်းပြီး လပိုင်းအတွင်းပျက်စီး
ပုသိမ်၊ ဇူလိုင် ၂၃

ဧရာဝတီတိုင်း၏မြို့တော် ပုသိမ်မြို့ရှိ မဟာဗန္ဓုလလမ်းမကြီးကို လွန်ခဲ့သည့် ၄ လခန့်က နိုင်လွန်ကတ္တရာ (AC) ခင်းခဲ့သော်လည်း အချို့နေရာများတွင် ပျက်စီးမှုများဖြစ်ပေါ်လာသဖြင့် လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

“လုပ်ငန်းလုပ်တုန်းကလည်း လမ်းဦးစီးက လုပ်တာဖြစ်တယ်။ လပိုင်းအတွင်း ပျက်စီးမှုတွေရှိလာတဲ့အတွက် ပြန်လည်ပြင်ဆင်ခြင်းကို လမ်းဦးစီးက တာဝန်ယူဆောင်ရွက်ပေးရပါမယ်။ သတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်ပေးမှုမရှိရင် ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာ အစီရင်ခံစာတက်လာရင် ပြည်ထောင်စုကို တင်ပြပါမယ်”ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ပုသိမ်မြို့ရှိ မဟာဗန္ဓုလလမ်းမကြီး၏ ၂ မိုင်ကျော်ခန့် (ရုပ်တုအဝိုင်းမှ မေတ္တာဦးတံတားထိပ်အထိ) ကို တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၇-၂၀၁၈ ဘတ်ဂျက် ပိုလျှံရန်ပုံငွေ (GRF) ဖြင့် နိုင်လွန်ကတ္တရာ (AC) ခင်းခြင်းလုပ်ငန်းကို လမ်းဦးစီးဌာန ကမတ်လလယ်ခန့်မှစ၍ တာဝန်ယူဆောင်ရွက်ခဲ့ပြီး နိုင်လွန်ကတ္တရာခင်းရာတွင် အပူချိန်ဖြင့်ခင်းရသည့်အတွက် သင်္ကြန်ကာလမတိုင်မီအထိခင်းခဲ့သော လမ်းနေရာများမှာ အပူချိန် လုံလောက်စွာရရှိသဖြင့် အားလုံးကောင်းမွန်ခဲ့သော်လည်း သင်္ကြန်ကာလပြီးနောက်ပိုင်းခင်းရသည့် နေရာအချို့တွင် အပူချိန်လုံလောက်စွာမရရှိခြင်း၊ မိုးရွာသွန်းမှုများ ရှိလာခြင်းတို့ကြောင့် နေရာအချို့တွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ပျက်စီးသည့်နေရာများကို တွက်ချက်ရာတွင် လမ်းတစ်ခုလုံး၏ ၂ ရာခိုင်နှုန်းသာရှိကြောင်း ပုသိမ်ခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီအောင်က ဆိုသည်။

“လမ်းရဲ့ အောက်ခံပိုင်းကို ထိခိုက်မှုမရှိပါဘူး။ အပေါ်ယံလွှာတွေသာ အပူချိန်အပြည့်အဝမရလို့ ဖြစ်ရတာလို့ စစ်ဆေးတွေ့ရှိရပါတယ်။ အခုမိုးကာလမှာတော့ ပိုပြီးပျက်စီးမှုမရှိအောင်၊ သွားလာမှုအဆင်ပြေအောင် ပြင်ထိန်းလုပ်ပေးထားပြီးတော့ မိုးကုန်တဲ့အချိန်မှာတော့ AC တစ်လွှာ ထပ်ခင်းပေးသွားမှာပါ”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါလမ်းကို ၂၀၁၈ ခုနှစ်တွင် အဝိုင်းထိပ်မှ ကမ်းနားလမ်းဆုံအထိ (အရှည် ၂ မိုင် ၂၈၀ ပေခန့်) နိုင်လွန်ကတ္တရာခင်းခြင်းကို ကျပ်သန်း ၁၀၀၀ ကျော်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

“ပထမနှစ်မှာ အဲဒီလမ်းကိုပဲ ရိုးရိုးကတ္တရာခင်းတော့ ဖုန်တွေထ သဲတွေဖြူးနဲ့ ပြဿနာတွေဖြစ်ကြတယ်။ အခု နိုင်လွန်ခင်းတော့လည်း ခဏလေးနဲ့ ပျက်စီးရတယ်။ အမှန်တကယ်ကတော့ ပြည်သူတွေရော အစိုးရရော ခေတ်စကားနဲ့ပြောရရင် ဂျင်းထည့်ခံရတာပေါ့ဗျာ။ ပုသိမ်လို တိုင်းမြို့ကြီးမှာတောင် ဒီလိုတွေ ဖြစ်နေတယ်ဆိုရင် ကျန်တဲ့နယ်မြို့တွေမှာဆို ပိုဆိုးမှာပေါ့။ ဌာနဆိုင်ရာတွေကို ဘာလုပ်ခိုင်းခိုင်း သေသေချာချာ စစ်စစ်ဆေးဆေးလုပ်ဖို့တော့လိုပါတယ်” ဟု အမှတ် (၃) ရပ်ကွက်မှ ပြည်သူတစ်ဦးက မှတ်ချက်ပေးပြောကြားသည်။

R-11



FOLLOW US