News

POST TAGGED AS

ပုသိမ်

28-Jun-2018

ပုသိမ်
ပုသိမ်ကြီးမြို့နယ်မှ ဆန္ဒပြ အမျိုးသမီးငါးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

မန္တလေး၊ ဇွန် ၂၈

ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကွက်သစ်အတွင်း အသစ်ဆောက်လုပ်နေထိုင်သော ကျူးကျော်နေအိမ်များကို အစိုးရကဖျက်သိမ်းသည်ကို ကန့်ကွက်ဆန္ဒပြခဲ့သည့် အမျိုးသမီးများအနက်မှ ငါးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲထားကြောင်း အုန်းချောနယ်မြေ ရဲစခန်းမှ ရဲအုပ်ဇော်မြင့်က ပြောကြားသည်။

“ဒီအမျိုးသမီးငါးယောက်ကို အထွေထွေ အုပ်ချုပ်ရေး ဒုတိယဦးစီးမှူးက တရားလိုလုပ်ပြီးတော့ တရားရုံး ဦးတိုက်လျှောက်ထားတာ။ မနေ့ (ဇွန် ၂၇) က ဦးတိုက် လျှောက်လိုက်တာပါ”ဟု ၎င်းကရှင်းပြသည်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေနှင့် ဇီးအုပ်ကွက်သစ်အတွင်း ကျူးကျော် အဆောက်အအုံများ အသစ် ထပ်မံမဆောက်ကြရန် တားမြစ်ထားခဲ့သော်လည်း ဆက်လက်ဆောက်လုပ်မှုများ ရှိနေသည့်အတွက် ဇွန်လ ၂၆ ရက်နေ့က စတင်ကာ ယင်းအဆောက်အအုံများကို စည်ပင်သာယာရေး ကော်မတီနှင့်ပူးပေါင်း၍ ဖြိုချဖျက်ဆီးခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် ဒေသခံ အချို့က ကျူးကျော်မဟုတ်ဘဲ ကျူးကျော် ဟုဆိုကာဖျက်ဆီးနေသည့် အာဏာပိုင် များကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ် မှုများ ပြုလုပ်ခဲ့ရာ ထိုသို့ပြုလုပ်သူများ အနက်မှ အမျိုးသမီးငါးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ဇွန်လ ၂၇ ရက်နေ့တွင် မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူးက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

စည်ပင်သာယာရေး ကော်မတီအနေနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာ၌ နေအိမ် ၇၀ ကျော်ကို ရှင်းလင်းပေးခဲ့ရပြီး လက်ရှိ အချိန်အထိ ဆက်လက် ဆောင်ရွက်နေရဆဲဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ဇီးအုပ်ကွက်သစ်ရပ်ကွက်သည် လွန်ခဲ့သည့် ငါးနှစ်ခန့်မှစတင်ကာ တရားဝင် မြေပိုင်ဆိုင်မှုဖြင့် နေထိုင်သူများအပြင် မြေကွက်လွတ်များတွင် ကျူးကျော်နေထိုင်လာကြသောကြောင့် ဧကသုံးရာခန့် အကျယ်အဝန်းရှိသည့် ရပ်ကွက်တစ်ခုဖြစ်လာကာ အိမ်ခြေသုံးထောင်ခန့်ရှိနေကြောင်း ယင်းကွက်သစ်အတွင်း နေထိုင်သူအချို့၏ ပြောဆိုချက်အရ သိရသည်။

ဇီးအုပ်ကွက်သစ်သည် မူးယစ်ဆေးဝါး သုံးစွဲသည့် နေရာတစ်ခု ဖြစ်လာသောကြောင့် မူးယစ်ကျော်စောနေရာတစ်ခုဖြစ်လာခဲ့ရာ ယခုလ ၂ ရက်နေ့ကပင် မန္တလေးတိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေး သုံးစွဲနိုင်သောအိမ်များကို ဝင်ရောက်စီးနင်း ရှင်းလင်းခဲ့သေးသည်။

M-04



FOLLOW US