News

POST TAGGED AS

ပုသိမ်

27-May-2018

ပုသိမ်
သစ်မှောင်ခိုလုပ်ငန်းများကို တိုင်းလွှတ်တော်က ကော်မတီဖွဲ့၍ စစ်ဆေးမည်
ပုသိမ်၊ မေ ၂၇

ဧရာဝတီတိုင်း သာပေါင်း အပါအဝင် အခြားမြို့နယ်များတွင် တရားမဝင် သစ်မှောင်ခိုလုပ်ငန်းများ လုပ်ဆောင်နေမှုများကို တိုင်းဒေသကြီး လွှတ်တော်က ကော်မတီဖွဲ့ကာ စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။

သာပေါင်းမြို့နယ်တွင် သစ်မှောင်ခိုလုပ်ငန်းများ တွင်ကျယ်နေပြီး ဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်ပတ်သက်နေသည်ကို တွေ့ရကြောင်း၊ တရားမဝင် သစ်များတွေ့ရှိခြင်း၊ သယ်ယူခြင်းများကို သစ်တောဝန်ထမ်းများထံ သတင်ပေးရာတွင်လည်း ၎င်းတို့က အကာအကွယ်ပေးထားခြင်း၊ သတင်းမှန်ပေးပါလျက် သတင်းမှားအဖြစ် ငြင်းဆိုခြင်း၊ ဖမ်းဆီးရာတွင် သစ်တန်ချိန် လျှော့ပြခြင်း၊ ပိုင်ရှင်မဲ့ဖြစ်ခြင်း၊ မဖြစ်မနေ ဖမ်းဆီးရသည့်အခါတွင် လွှတ်တော်ကိုယ်စားလှယ်များဖမ်းခိုင်း၍ ဖမ်းရကြောင်းဟု ပြောဆိုမှုများရှိကြောင်း သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါက ပြောသည်။

ယင်းသို့ ပြောဆိုမှုများ လွှတ်တော်ကိုယ်စားလှယ်နှင့် ဖမ်းဆီးခံရသူများအကြား၊ ဖမ်းဆီးခံရသူနှင့် ပြည်သူအကြား သွေးခွဲခြင်းနှင့် မိမိတို့ ထမ်းဆောင်ရမည့် တာဝန်ကို ဝန်ထမ်းအင်အားနည်းပါးခြင်းနှင့် အခြား အကြောင်းအမျိုးမျိုးပြ၍ ရှောင်လွှဲနေခြင်း၊ နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ဥပဒေများအတိုင်း တရားစွဲဆို အရေးယူရမည့်အစား ဥပဒေကို မျက်ကွယ်ပြု၍ ငွေကြေးဖြင့်ညှိနှိုင်းပြီး ပြတ်စေခြင်းတို့ကို ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

တရားမဝင် သစ်မှောင်ခိုလုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးရမည့်အစား သစ်တောဝန်ထမ်းများ သာမကဘဲ အခြားသော ဌာနဆိုင်ရာ အသီးသီးက ဂိတ်များဖွင့်၍ လိုင်းကြေးများ ကောက်ယူနေကြောင်း၊ ထိုသို့ ပြုလုပ်နေသူများကို အရေးယူနိုင်ရေးအတွက် ဝန်ကြီးချုပ်ထံသို့ တိုင်ကြားစာ ပေးပို့ခြင်း၊ လွှတ်တော်တွင် မေးခွန်းမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ၎င်းက ပြောဆိုသည်။

“နိုင်ငံတော်အစိုးရက ဘယ်လိုပဲ မူဝါဒကောင်းတွေ ချမှတ်ဆောင်ရွက်နေပေမယ့်လည်း အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက အကျင့်ပျက်ခြစားနေပြီး ဥပဒေကို လက်တစ်လုံးခြား လုပ်နေတဲ့အတွက် ပလိုင်းပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတာပေါ့”ဟု ဒေါ်ခင်မိုးဝါက ထောက်ပြသည်။

သာပေါင်းမြို့နယ် သစ်တောဦးစီးဌာနတွင် ဖွဲ့စည်းပုံအရ ခန့်ထားရမည့် ဝန်ထမ်းအင်အား၏ ထက်ဝက်ကျော်သာ ရှိကြောင်း၊ အဆိုပါဝန်ထမ်းများသည် သစ်တော စိုက်ခင်းများ ထူထောင်ရန် မြေပြင်ခြင်း၊ ပျိုးခင်းများ ထူထောင်ခြင်း၊ တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုကြောင့် ကင်းလှည့်ရခြင်း၊ ဆင်သတ်မုဆိုးများကို ဖမ်းဆီးအရေးယူရခြင်း၊ သစ်ခိုးထုတ်သူများကို ဖော်ထုတ်ဖမ်းဆီးရခြင်း၊ သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရေး၊ သစ်တော မပြုန်းတီးရေးတို့အတွက် ပြည်သူများကို အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်းများ ဆောင်ရွက်နေရကြောင်း ဧရာဝတီ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းကပြောသည်။

ပုသိမ်မြို့ပေါ်သို့ သာပေါင်းမြို့နယ်ဘက်မှလည်းကောင်း၊ ပုသိမ်မြို့နယ်၊ ငပုတောမြို့နယ်ဘက်မှလည်းကောင်း သစ်၊ ဝါးနှင့် မီးသွေးများကို ရေလမ်းရော ကုန်းလမ်းပါ တရားမဝင်သယ်ဆောင်နေကြသည်ကို သက်ဆိုင်ရာ ဝန်ထမ်းများ သိနေကြကြောင်း၊ ညစဉ် ၉ နာရီနောက်ပိုင်းတွင် ပုသိမ်တံတားပေါ်နှင့် ပုသိမ် တံတားလမ်းဆုံတို့မှ စောင့်ဆိုင်းပါက မည်သို့သယ်ယူနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း ပုသိမ်မြို့ အမှတ်(၁) ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ တရားမဝင် သစ်မှောင်ခိုလုပ်ငန်းများတွင် ဝန်ထမ်းများ ပါဝင်ပတ်သက်မှု အခြေအနေများ၊ လိုင်းကြေး တောင်းယူနေမှုများကို တိုင်းလွှတ်တော်မှ ကော်မတီဖွဲ့၍ စစ်ဆေးမည်ဆိုသော်လည်း မည်သည့်နေ့ရက်တွင် ဖွဲ့စည်း၍ မည်သို့ စစ်ဆေးသွားမည်ကိုမူ လွှတ်တော်ဥက္ကဋ္ဌမှ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

R-11



FOLLOW US