News

POST TAGGED AS

ပုသိမ်

ပြဇာတ်ကသည့် ကျောင်းသားများ ဗီဒီယိုဖိုင် ဖေ့စ်ဘွတ်ခ်ပေါ် တင်သူကို ထောင် ၃ လ ချ
ပုသိမ်၊ မေ၇

ပုသိမ်မြို့တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြဇာတ်ကသော ကျောင်းသားများ၏ ဗီဒီယိုဖိုင်အား ဖေ့စ်ဘွတ်ခ်တွင်တင်သူ ဦးထွန်းထွန်းဦးကို မေလ ၇ ရက်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ကြောင်း ပုသိမ်မြို့နယ် တရားရုံးထံမှ သိရသည်။ 

“ဦးထွန်းထွန်းဦးရဲ့ ဆောင်ရွက်ချက်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ-၆၆ (ဃ) ကို ကျူးလွန်ရာရောက်တယ်၊ ဒါပေမဲ့ သူက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဦးဆောင်လုပ်တဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်ဖို့ မသင့်ဘူးလို့ သုံးသပ်ရရှိတယ်၊ ဒါကြောင့် ထောင်ဒဏ် ၃ လ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်က ရှင်းပြသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလက ပုသိမ်ဟိုတယ်တွင် ကျင်းပသော ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲတွင် ကိုအောင်ခန့်ဇော်ပါ ကျောင်းသား ၉ ဦးအဖွဲ့မှ တပ်မတော်ထောက်ခံပွဲသို့ တက်ရောက်လာသည့်အကြောင်းကို ပြဇာတ်တင်ဆက်ခဲ့ကြောင်း၊ ယင်းတင်ဆက်မှုမှာ တပ်မတော်နှင့် တပ်မတော်မိသားစုဝင် ရဲမေများ၏ ဂုဏ်သိက္ခာကျဆင်းစေသည့် စကားလုံးများဖြင့် တင်ဆက်သရုပ်ဖော်ခဲ့ခြင်းဖြစ်ပြီး ဗီဒီယိုရိုက်ကာ လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့သည့် Htun Htun Oo အကောင့်ပိုင်ရှင် ဦးထွန်းထွန်းဦးကို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးအရာရှိ (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင်က အမှုဖွင့်ခဲ့သည်။

ယင်းအမှုကို ပုသိမ်မြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး အမှုအမှတ်- ၄၈၆၆/၂၀၁၈ ဖြင့် တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီး ၂၀၁၈ ခုနှစ် မေလ ၇ ရက်တွင် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

“ပြည်သူတွေ နိုင်ငံသားအခွင့်အရေးတွေ မရသေးဘူးလို့ပြောချင်ပါတယ်၊ တရားစီရင်ရေးကတော့ လွတ်လပ်ပေမယ့် မမျှတသေးဘူး၊ တကယ်ပြဇာတ်ကခဲ့တဲ့ ကျောင်းသားတွေက ဒဏ်ငွေနဲ့ အမှုပြီးပေမယ့် ကျွန်တော့်ကို ထောင်ချတာဟာ အစကတည်းက ဒီလိုလုပ်ဖို့ ရည်ရွယ်ပြီး တရားစွဲတာ သိသာပါတယ်”ဟု ထောင် ၃ လ ချမှတ်ခံရသူ ဦးထွန်းထွန်းဦးက ပြောသည်။ 

ပြဇာတ်ကခဲ့သည့် ကိုအောင်ခန့်ဇော် အပါအဝင် ၉ ဦးကို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးအရာရှိ (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင်က တရားစွဲဆိုခဲ့ကြောင်း၊ ယင်းအမှုနှင့်ပတ်သက်၍ ကိုအောင်ခန့်ဇော်နှင့် ကိုမြတ်သူထက်တို့ကို ပုဒ်မ ၅၀၀ ဖြင့် ဒဏ်ငွေငါးသောင်း ပေးဆောင်ရန်နှင့် မဆောင်ပါက ထောင်ဒဏ် ၆ လ ကျခံစေရန်နှင့် ကျန်ကျောင်းသား ၇ ဦးကို ပြစ်မှုကျူးလွန်ရန် အားပေးကူညီမှုဖြင့် ဒဏ်ငွေ သုံးသောင်းကျပ် ပေးဆောင်ရန်နှင့် ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ် ၂ လကျခံရန် ဧပြီလ ၄ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း ပုသိမ်မြို့နယ် တရားရုံးထံမှ သိရသည်။

R-11




FOLLOW US