News

POST TAGGED AS

ပုသိမ်

ကျုံပျော် ဘာသာရေးအဖွဲ့ ခေါင်းဆောင် လင်မယားကို လူခိုးမှုဖြင့် ထောင် သုံးနှစ်စီချ
ပုသိမ်၊ မေ ၇

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် လှည်းဆိပ်ရွာတွင် ဘုရားနှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ဘာသာရေးအဖွဲ့ တည်ထောင်ထားသည့် ကောင်းကင်သစ် ခရစ်တော်၏ ဝိညာဉ်တော် မိသားစုအဖွဲ့ခေါင်းဆောင် လင်မယားကို မေလ ၄ ရက်က လူခိုးမှုဖြင့် ကျုံပျော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။ 

အဆိုပါ ခေါင်းဆောင်ဖြစ်သော မန်းဝင်းမြင့်နှင့် ဒေါ်နီလာထွန်းတို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၆၃ (လူခိုးမှု)ဖြင့် အမိန့်ချမှတ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။ 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် နေထိုင်သော ၁၅နှစ်အရွယ် မိန်းကလေးက ကျုံပျော်မြို့ လှည်းဆိပ်ရွာရှိ ကောင်းကင်သစ် ခရစ်တော်၏ ဝိညာဉ်မိသားစု ဘာသာရေးအဖွဲ့ ဖွင့်သောရက် ၄၀ သင်တန်းကို ၂၀၁၆ ခုနှစ်တွင်တက်ခဲ့ကြောင်း၊ သင်တန်းပြီးချိန်တွင် မိန်းကလေးကို ၎င်း၏ မိဘများက အိမ်ပြန်ခေါ်မရသဖြင့် ဖခင် ဦးနန်ထန်းကျင်က ကျုံပျော်မြို့မရဲစခန်းတွင် ပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ ယင်းအမှုကို ကျုံပျော်မြို့နယ် တရားရုံးတွင် တစ်နှစ်ခွဲကြာ စစ်ဆေးခဲ့ပြီးနောက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းမိန်းကလေးမှာ လူမှုကွန်ရက်မှတစ်ဆင့် သင်တန်းလာတက်ခြင်းဖြစ်ပြီး သင်တန်းပြီးချိန် မိဘများက ပြန်ခေါ်သော်လည်း ပြန်မလိုက်ကြောင်း၊ ယင်းမိန်းကလေးကို ဘာသာရေးအဖွဲ့ ခေါင်းဆောင် လင်မယားက သင်တန်းဖွင့်သည့် လှည်းဆိပ်ရွာတွင် မထားတော့ဘဲ အထောင်မြို့နှင့် ပုသိမ်မြို့၌ ဝှက်ထားခဲ့ကြောင်း မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီ၊ မြို့ပြ ကျေးလက် သာသနာဌာန ကော်မတီဝင် မန်းထောင်းစိန်က ပြောသည်။

အဆိုပါ မိန်းကလေးကို ပုသိမ်မြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆောင်ရွက်ပေးသဖြင့် မိန်းကလေးကို အိမ်ပြန်ခေါ်နိုင်ခဲ့ကြောင်း တရားခွင်သို့ တက်ရောက်နားထောင်ခဲ့သူ ၎င်းကပြောသည်။

“ဘာသာ သာသနာ ညှိုးနွမ်းစေတယ်၊ ဘာသာရေးကို အကြောင်းပြပြီး လူကုန်ကူးမှု လုပ်နေတာကြောင့် မကျေနပ်နိုင်ဘူး၊ ကျမ်းစာသင်တန်းလို့ ဆိုတယ်၊ တစ်ယောက်မှ ခရစ်ယာန်ကျမ်းစာသင် ဆရာတွေ၊ ဘုန်းကြီးတွေမဟုတ်ဘဲ လုပ်နေတဲ့အတွက် ဘာသာ သာသနာ ညှိုးနွမ်းပါတယ်၊ အချိန်မီ မကာကွယ်နိုင်ရင် ဒေသတည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်။ ဒါကြောင့် သူတို့ လင်မယား အပါအဝင် ငါးဦးကို တရားစွဲထားတယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီ၊ မြို့ပြ ကျေးလက် သာသနာဌာန ကော်မတီဝင် မန်းထောင်းစိန်က ကောင်းကင်သစ် ခရစ်တော်၏ ဝိညာဉ်တော် မိသားစုအဖွဲ့မှ မန်းဖိုးကြူး၊ နန့်အမွန်း၊ မန်းဝါဝင်းနှင့် မန်းဝင်းမြင့်၊ ဒေါ်နီလာဝင်းတို့ကို သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့် ကျုံပျော်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသဖြင့် စစ်ဆေးနေဆဲဖြစ်သည်။

R-12



FOLLOW US