News

POST TAGGED AS

ပုသိမ်

မြောင်းမြနှင့် လပွတ္တာသို့ သွားလာနိုင်မည့် ဇက်ဆိပ်သစ်၌ အခမဲ့ပို့ဆောင်


ပုသိမ်၊ ဧပြီ ၂၅ 

ရန်ကုန်-ပုသိမ် လမ်းမကြီးမှတစ်ဆင့် ပုသိမ်-ငပုတော-မြောင်းမြ-လပွတ္တာမြို့များသို့ သွားလာနိုင်ရန်အတွက် ငပုတောမြို့နယ် တူးမြောင်းရွာဘက်ကမ်းနှင့် မြောင်းမြမြို့နယ် ညောင်ချောင်းလေးရွာဘက်ကမ်းတို့ကို ဆက်သွယ်ထားသော ပမ္မဝတီမြစ်ဖြတ်ကူးသည့် “တူးမြောင်း-ညောင်ချောင်းလေး” ဇက်ဆိပ်သစ်တွင် ယနေ့ (ဧပြီလ ၂၅ ရက်) နံနက်ပိုင်းမှစတင်၍ အခမဲ့ပိုဆောင်နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

“မြောင်းမြမြို့နယ်ထဲက ညောင်ချောင်းလေးရွာဘက်ကမ်းကို ရောက်ပါတယ်။ ပုသိမ်ကနေ လပွတ္တာကိုသွားရင် အတိုဆုံးခရီးလမ်းပါ။ ဇက်ကူးတာကလည်း အခမဲ့ကူးပေးတာပါ။ ဇက်ကူးတဲ့အချိန်နဲ့ လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို ငပုတောမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူက ကော်မတီဖွဲ့ပြီး တာဝန်ယူဆောင်ရွက်သွားမှာပါ။ ခုကားလေးတွေ ဖြတ်ကူးနိုင်ပါပြီ။ ကားကြီးတွေက ဧပြီ ၂၈ ဆို ဖြတ်နိုင်ပါပြီ”ဟု ၎င်းက ရှင်းပြသည်။

ပုသိမ်ခရိုင် ငပုတောမြို့နယ် တူးမြောင်းရွာဘက်ကမ်းနှင့် မြောင်းမြခရိုင် မြောင်းမြမြို့နယ် ညောင်ချောင်းလေးရွာဘက်ကမ်းတို့ကို ဆက်သွယ်ထားသော “တူးမြောင်းညောင်ချောင်းလေး” ဇက်ဆိပ်သစ်တည်ဆောက်ရန် နှစ်ပတ်အတွင်း လိုအပ်သည့်ပစ္စည်းများကို စုဆောင်းခဲ့ပြီး ၅ ရက်ဖြင့် အပြီးတည်ဆောက်ခဲ့ကာ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်တို့ကို ဆက်သွယ်ထားသော ဇက်ဆိပ်သစ်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

R-12




FOLLOW US