News

POST TAGGED AS

ပုသိမ်

ဧရာဝတီတိုင်းတွင် အစေ့ထုတ်ပြောင်း အထွက်နှုန်းမြင့်


ဟင်္သာတ၊ ဖေဖော်ဝါရီ ၂၂

ယခင်နှစ်များက အထွက်နှုန်းလျော့ခဲ့သည့် ဧရာဝတီတိုင်းအတွင်းရှိ အစေ့ထုတ်ပြောင်းစိုက်ခင်းများမှာ ယခုနှစ် ခူးဆွတ်ချိန် စိုက်ခင်းအများစု၌ အထွက်နှုန်းမြင့်ခဲ့ကြောင်း ကိုင်းစိုက်တောင်သူများက ပြောကြားသည်။

၂၀၁၇ ခုနှစ် ပေါ်ဦးပေါ်ဖျား ခူးဆွတ်ချိန်၌ ကိုင်းတစ်ဧကလျှင် ပိဿာ ၆၀၀ ထွက်ရှိသည့် စိုက်ခင်းများမှာ ယခုနှစ် ခူးဆွတ်ချိန်တွင် တစ်ဧကလျှင် ပိဿာ ၁၀၀ ဝန်းကျင် အထွက်နှုန်းရှိကြောင်း၊ တစ်ဧကပိဿာ ၁၀၀ အထွက်နှုန်းရှိသည့် စိုက်ခင်းများမှာ ပိဿာ ၁၂၀ အထက် အထွက်နှုန်းမြင့်လာကြောင်း တောင်သူအများစုက ပြောကြားသည်။

တိုင်းဒေသကြီးအတွင်း မိုးရာသီ မြစ်ရေကျချိန်စောခဲ့သည့် စိုက်ခင်းများမှာ အစောဆုံး စိုက်ပျိုးခူးဆွတ်နိုင်ခြင်းကြောင့် အထွက်နှုန်းမြင့်ခဲ့သည့်အပြင် ဈေးကောင်းလည်းရခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် မိုးတွင်းကာလ ရေကြီးနစ်မြုပ်မှုများကြောင့် အစေ့ထုတ်ပြောင်းစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး အချို့စိုက်ခင်းများ စိုက်ပျိုးချိန် နောက်ကျခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် မိုးရာသီ၌ ရေကြီးနစ်မြုပ်မှုနည်းခဲ့ခြင်းကြောင့် ၂၀၁၈ ခုနှစ် ခူးဆွတ်ချိန်တွင် အပျက်အစီးနည်းကာ အထွက်နှုန်းမြင့်ခဲ့ကြောင်း မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ တောင်သူ ဦးမြင့်ကြိုင်က ပြောကြားသည်။

တိုင်းဒေသကြီးအတွင်းရှိ တောင်သူအများစုသည် အရှုံးပေါ်နေသည့် မတ်ပဲ စိုက်ပျိုးခြင်းလုပ်ငန်းကြောင့် အစေ့ထုတ်ပြောင်းကို အစားထိုးစိုက်ပျိုးရာ ဟင်္သာတ ခရိုင်တစ်ခုတည်း၌ စိုက်ဧကသုံးသောင်းကျော်ရှိပြီး ၂၀၁၇ နှစ်ကုန်ပိုင်းစိုက်ရာသီတွင် ဧကလေးသောင်းကျော် တိုးချဲ့စိုက်ပျိုးလာကြောင်း ဧရာဝတီတိုင်းဒေသကြီး ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက ရှင်းပြပြောဆိုသည်။

ဇန်နဝါရီလကုန်အထိ တစ်တင်းလျှင် ပိဿာ၂၀ နှုန်းဖြင့် တင်းတစ်ရာလျှင် ခြောက်သိန်းကျပ်ဝန်းကျင် ရောင်းချရသည့် အစေ့ထုတ်ပြောင်းကို တရုတ်နိုင်ငံ၏ ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ဖေဖော်ဝါရီလအတွင်း တင်းတစ်ရာလျှင် ကျပ် ၁၀ သိန်းအထက် တိုးမြှင့်ရောင်းချရကြောင်း ၎င်းက ဆိုသည်။ 

ပေါ်ဦးပေါ်ဖျားဖြစ်သည့် အစေ့ထုတ်ပြောင်းကို ပြည်ပဝယ်လိုအားနှင့် ပြည်တွင်း၌ အသုံးပြုနိုင်ရန် ရောင်းဝယ်နေကြကြောင်း၊ မတ်လရောက်ပါက လှောင်လက်များက ဝယ်ယူလေ့ရှိကြောင်း ကုန်သည်အများစုက ပြောကြားသည်။

R-13



FOLLOW US