News

POST TAGGED AS

ပုသိမ်

သမီးအသတ်ခံရမှုကြောင့် ဖခင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေး


ပုသိမ်၊ ဖေဖော်ဝါရီ ၁၅ 

ပုသိမ်မြို့ တစ်ဖက်ကမ်းရှိ ရေသိုးကုန်းကျေးရွာရှိ နေအိမ်တွင် အသက် ၃၇ နှစ်အရွယ် သမီးဖြစ်သူ အသတ်ခံရမှုကြောင့် ဖခင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းလူသတ်မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလဆန်းက ဖခင်ဦးသန်းရှိန် (ခေါ်) ဦးမောင်ပုကို ရဲတပ်ဖွဲ့က ရမန်ယူကာ စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီလ ၁၅ ရက်တွင် လူသတ်မှုဖြစ်သော နေအိမ်၌ ဖခင်ကို ရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်ခဲ့ပုံကို သရုပ်ပြမှုလုပ်ဆောင်ခဲ့ကြောင်း သရုပ်ပြမှုမျက်မြင်တွေ့သူ ဒေသခံများက ဆိုသည်။ 

ဇန်နဝါရီလ ၁၇ ရက်က ပုသိမ်မြို့ တစ်ဖက်ကမ်းရှိ လင်းဝင်းကြီးကျေးရွာအုပ်စု ရေသိုးကုန်းကျေးရွာတွင် ဖခင်နှင့်အတူ နေထိုင်သော ပုသိမ်တက္ကသိုလ် သင်္ချာဌာနမှ စာရေး ဒေါ်နီလာခိုင်က နေအိမ်တွင် ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ အဆိုပါလူသတ်မှုနှင့် ပတ်သက်၍ သင်္ဘောကျင်း နယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းလူသတ်မှုနှင့် ပတ်သက်၍ လူ ၃၀ ခန့်ကို စစ်ဆေးခဲ့ပြီး သေဆုံးသူ၏ ဖခင်ကိုလည်းခေါ်ယူ စစ်ဆေးရာမှမသင်္ကာဖွယ်ရာ အထောက်အထားများတွေ့ရှိသဖြင့် ပုဆိုး၊ အင်္ကျီ၊ ဓား၊ ငရုတ်ကျည်ပွေ့ ရဲဒင်းစသည်တို့ကို ဓာတုဗေဒ စစ်ဆေးကာ အတည်ပြုချက်ရယူခဲ့ကြောင်း၊ ဖခင်ကို ဆက်လက်စစ်ဆေးရာ ကိုယ်တိုင်သတ်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်က ရဲစခန်းတွင် ဝန်ခံဖြောင့်ချက်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် အသိုင်းအဝိုင်းထံမှ သိရသည်။ 

“သမီးက ကင်မလင်းကျွန်းရပ်ကွက်မှာ မြေကွက်ဝယ်တာနဲ့ပတ်သက်ပြီး သားအဖစကားများရာက ငရုတ်ကျည်ပွေ့နဲ့ထုပြီး မေ့သွားတာကို ဓားမြှောင်နဲ့ထိုး ရဲဒင်းနဲ့ခုတ်ခဲ့တာလို့တော့ ပြောကြတယ်”ဟု အမှုမှန်ပေါ်ပေါက်ရေး ကူညီပေးနေသော လင်းဝင်းကြီးကျေးရွာမှ NLD ဥက္ကဋ္ဌ ဦးဌေးအောင်က ဆိုသည်။ 

ယင်းအမှုနှင့်ပတ်သက်၍ ရဲလုပ်ငန်းစဉ်များ မပြီးပြတ်ခြင်း၊ တရားစွဲဆိုတင်ပို့မှု မလုပ်တို့ကြောင့် လတ်တလောတွင် သတင်းမထုတ်ပြန်နိုင်သေးကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးခင်မောင်စိုးက သတင်းသမားများကို ပြောကြားသည်။

R-12



FOLLOW US