News

POST TAGGED AS

ပုသိမ်

26-Jan-2018

ဧရာဝတီ ပုသိမ်
ပုသိမ် အုတ်ဈေးကျ


ပုသိမ်၊ ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အုတ်ဈေးကွက်အတွင်း ပွင့်လင်းရာသီ၌ ယခင်နှစ်ထက်အနိမ့်ဈေးနှုန်းဖြင့် စဖွင့်ခဲ့ရပြီး ဈေးနှုန်းကျဆင်းနေကြောင်း အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူများ၊ အုတ်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

ယမန်နှစ် ၂၀၁၇ ခုနှစ် ပွင့်လင်းရာသီချိန်က ဒေသတွင်းအုတ်ဈေးနှုန်းမှာ အုတ်ဖုတ်သည့် ကွင်းအတွင်း၌ အုတ်အလုံး တစ်ရာလျှင် အနိမ့်ဆုံးဈေး ၇၅၀၀ ကျပ်နှင့် အမြင့်ဆုံးဈေး ၈၀၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် အုတ်အလုံးတစ်ရာလျှင် အနိမ့်ဆုံးဈေး ၄၀၀၀ ကျပ်နှင့် အမြင့်ဆုံးဈေး ၅၀၀၀ ကျပ်အထိသာ အရောင်းအဝယ်ဖြစ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။ 

ပုသိမ်မြို့အတွင်းနှင့် အနီးဝန်းကျင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ငန်းရပ်တန့်နေခြင်းအပြင် တရားမဝင်အုတ်ဖို များလာခြင်းတို့ကြောင့် အုတ်ဈေးထက်ဝက်ခန့် ထိုးကျသွားရခြင်းဖြစ်ကြောင်း အုတ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူအချို့က သုံးသပ်ပြောကြားသည်။ 

“ပြီးခဲ့တဲ့မိုးရာသီမှာတောင် ပုသိမ်အုတ်ဈေးက မကျခဲ့ဘူး။ နှစ်ကုန်ပိုင်းကျတော့ အချို့စီမံကိန်းအိမ်ရာတွေ ပြီးသွားတာရှိတယ်။ လုပ်ငန်းသစ်တွေ နည်းသွားတယ်။ ဒီတော့ အုတ်ဝယ်လိုအားကျသွားပြီး ထုတ်တာက များတယ်။ ဒါကြောင့် အုတ်ဈေးကျတာ”ဟု ပုသိမ်မြို့ အုတ်၊ သဲ၊ ကျောက် အရောင်းအဝယ်လုပ်ကိုင်သူ ဦးသန်းအေးက ပြောဆိုသည်။

အုတ်ဖုတ်လုပ်ငန်းချိန် တစ်ရာသီလျှင် အုတ်အလုံးရေ တစ်သိန်းငါးသောင်းထွက်ရှိပြီး တစ်ရာသီရင်းနှီးမတည်ငွေ ၁၅ သိန်းကျော်ရင်းနှီးရကာ တန်ဆောင်မုန်းလဆန်းမှ တန်ခူးလကုန်အထိ အုတ်ဖုတ်သည့် ပွင့်လင်းရာသီဖြစ်ကြောင်း၊ ၎င်းတို့လုပ်ကိုင်နေသော ပုသိမ်မြို့ ပေါက်ကုန်းကျေးရွာရှိ အုတ်ဖုတ်လုပ်ငန်းအတွင်း၌ပင်လျှင် အုတ်ဖိုပေါင်း ၄၀ ခန့် ရှိနေကြောင်း ပုသိမ်မြို့ ပေါက်ကုန်းကျေးရွာရှိ အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးရဲနောင်နောင်က ရှင်းပြသည်။

“အုတ်ဈေးကျပေမယ့် အုတ်ဖိုထောင်သူများလာတာကြောင့် အလုပ်အကိုင်ကတော့ အခွင့်အလမ်းတော့ ရှိနေတယ်။ ဒါပေမဲ့ရောင်းကောင်းမှ ဈေးကောင်းမှ မိုးရာသီပါ အုတ်လုပ်ဖို့ အခွင့်အလမ်းရမှာ၊ မိုးရာသီနားနေရရင် အပြင်ကျပန်းလုပ်ဖို့ကို အလုပ်ရှာရတာခက်ခဲတယ်”ဟု အိမ်မဲမြို့မှ ပုသိမ်မြို့ရှိ အုတ်ဖိုတစ်ခုတွင် မိသားစုလိုက် အုတ်လုပ်သားအဖြစ် လုပ်ကိုင်နေသူ ဦးခင်ရွှေက ပြောဆိုသည်။

ပုသိမ်မြို့တွင် ပေါက်ကုန်း၊ အုတ်စီကုန်း၊ စိုင်ခြံ၊ ဆင်ခေါင်းကြီး၊ ဂွေးချို၊ မျက်တို၊ စာဖြူစု၊ သူတော်ကုန်း၊ ဘုရားကြီးကုန်း စသည့်ဒေသများတွင် အုတ်ဖုတ်လုပ်ငန်းများ ရှိနေသည်။ 

R-12



FOLLOW US