News

POST TAGGED AS

ပုသိမ်

02-Jan-2018

ပုသိမ်
ပုသိမ်မီးသွေးမီးဖို ထုတ်လုပ်မှု သုံးပုံတစ်ပုံ ကျဆင်း

ပုသိမ်၊ ဇန်နဝါရီ ၁

မီးသွေးမီးဖိုနေရာတွင် အစားထိုးလောင်စာများ အသုံးပြုလာမှုများကြောင့် ဧရာဝတီတိုင်း  ပုသိမ်မြို့မှ ထွက်ရှိသော မီးသွေးမီးဖို ထုတ်လုပ်မှုမှာ သုံးပုံတစ်ပုံ ကျဆင်းသွားကြောင်း မီးသွေးမီးဖိုထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှ သိရသည်။ 

အဆိုပါ မီးသွေးမီးဖိုများကို ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့နေရကြောင်း၊ ရန်ကုန်တွင် အပေါ်ပိုင်းရွံ့၊ အောက်ခြေတွင် အင်္ဂတေဖြင့် ရောစပ်ထုတ်လုပ်သော တစ်ခြမ်းမီးဖိုဟုခေါ်သော မီးဖိုများဝင်ရောက်ခြင်း၊ အစားထိုးလောင်စာများ အသုံးပြုလာခြင်းကြောင့် ပုသိမ်မီးသွေးမီးဖို ထုတ်လုပ်မှု ကျဆင်းလာကြောင်း မီးသွေးမီးဖိုပညာရှင် ဦးအောင်စိုးမိုးက ပြောကြားသည်။

ယခင်က မီးဖုတ်ထုတ်လုပ်ရာတွင် တစ်ရုံလျှင် တစ်လအလုံးရေ ၃၀၀၀ ခန့် ထုတ်လုပ်နေရပြီး ယခုအခါ ၁၀၀၀ ခန့်သာ ထုတ်လုပ်ရတော့ကြောင်း၊ ယင်းသို့ ထုတ်လုပ်မှုလျော့နည်းလာမှုကြောင့် အိုးကြမ်းကပ်လုပ်သား၊ အိုးတိုက်လုပ်သား၊ အမျိုးသမီးများသာ လုပ်ကိုင်သည့် အိုးဖောက်ချောလုပ်သား၊ အိုးဖုတ်လုပ်သားများ၏ ဝင်ငွေမှာလည်း လျော့နည်းလာကြောင်း၊ ဝင်ငွေလျော့နည်းလာသဖြင့် မီးဖိုလုပ်သားများမှာ စားဝတ်နေရေး မပြေလည်သဖြင့် အခြားသောအလုပ်များကို ပြောင်းရွှေ့လုပ်ကိုင်နေကြောင်း ၎င်းက ရှင်းပြသည်။

“အရင်တုန်းက ကျွန်တော်တို့မိသားစု ၃ယောက်လုပ်တာ တစ်နေ့ကို တစ်သောင်းနှစ်ထောင်၊ တစ်သောင်းခွဲ ဝင်ငွေရှိတယ်၊ အခု အလုပ်တွေက အော်ဒါနည်းလာတော့ စားလောက်တဲ့အခြေအနေ တစ်သောင်းရဖို့တောင် မနည်းရုန်းကန်နေရတယ်” ဟု မီးဖိုလုပ်သားတစ်ဦးက ပြောသည်။ 

ပုသိမ် မီးသွေးမီးဖိုလုပ်ငန်းကို ပုသိမ်မြို့တစ်ဖက်ကမ်း အမှတ် (၉) ရပ်ကွက်တွင် အများဆုံး ထုတ်လုပ်ပြီး မီးဖိုထုတ်လုပ်သည့် လုပ်ငန်းရှင် ၂၀ ဦးခန့်ရှိကြောင်း၊ ပုသိမ်မီးသွေးမီးဖိုများကို အဓိကတင်ပို့နေရသည်မှာ ရန်ကုန်ဈေးကွက်ဖြစ်ပြီး ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းဒေသကြီးရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်ဒေသများသို့ တင်ပို့ရောင်းချနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ 

ယခင်က ပုသိမ်ဒေသထွက် မီးသွေးမီးဖိုများကို မြန်မာနိုင်ငံတစ်ခုလုံးသို့ တင်ပို့နေရာမှ မြန်မာပြည်အလယ်ပိုင်း၊ သာစည်မြို့နယ်ဘက်မှ ထုတ်လုပ်သည့် မီးဖိုများ ဝင်ရောက်လာခြင်း၊ ရန်ကုန်ဈေးကွက်သို့လည်း တွံတေးမြို့နယ်မှ မီးဖိုများ ဝင်ရောက်ခြင်းတို့ကြောင့် မြန်မာပြည် အောက်ပိုင်းဒေသများကိုသာ အားထားတင်ပို့နေရကြောင်း ၎င်းတို့ထံမှ သိရသည်။

R-11



FOLLOW US