News

POST TAGGED AS

ပုသိမ်

30-Dec-2017

ပုသိမ်
မိခင်ချင်း ရန်ငြိုးထား၍ ငါးနှစ်အရွယ် မိန်းကလေး တုတ်ဖြင့် ရိုက်သတ်ခံရ
ပုသိမ်၊ ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အမှတ် ၆ လေ့ကျင့်ရေး တပ်ရင်းမှ တပ်မိသားစုဝင် မိခင်ချင်း ရန်ဖြစ်သည်ကို အငြိုးထား၍ အသက် ၂၃ နှစ်ရှိ အမျိုးသမီးက အသက်ငါးနှစ်အရွယ် မိန်းကလေးကို ဒီဇင်ဘာလ ၂၉ ရက်က တုတ်ဖြင့်ရိုက်သတ်ခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းထံမှ သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်က တပ်တွင်း အများသုံး ရေကန်အား သန့်ရှင်းရေးပြုလုပ်ရာတွင် တာဝန်မကျေဟုဆိုကာ အိမ်ထောင်သည် လိုင်းခန်းကြီးကြပ်တာဝန်ရှိသူ တပ်သားကျော်နိုင်စိုး၏ဇနီး မနှင်းဝေအောင်က တပ်သားဆန်းဝေ၏ဇနီး အသက် ၂၃ နှစ်ရှိ မဝေဝေလေး (ခ) မဝေလေးကို ပါးရိုက်ခဲ့သဖြင့် ရန်ငြိုးထားကာ မနှင်းဝေအောင်၏သမီး အသက် ၅ နှစ်ရှိ မနှင်းရတီနိုင်ကို တုတ်ဖြင့်ရိုက်သတ်ခဲ့၍ တပ်ရင်း တာဝန်ရှိသူ ဗိုလ်မှူးဖြိုးဝေမြင့်က ပုသိမ်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည့်အမှု ဖြစ်သည်။

ဒီဇင်ဘာလ ၂၉ ရက်တွင် လိုင်းခန်း အနောက်ဘက်၌ အစ်ကိုဖြစ်သူနှင့် ကစားနေသော မနှင်းရတီနိုင်ကို မဝေလေးက သူမအခန်းသို့ခေါ်၍ တုတ်ဖြင့်ရိုက်ရာ လက်လွန် သေဆုံးခဲ့ကြောင်း၊ ယင်းနောက် ခင်ပွန်း အကူအညီယူကာ အလောင်းကို ပီနံအိတ်တွင်းထည့်၍ တပ်ပိုင်လယ်ကွင်း မြောက်ဘက်ရှိ ချုံတောအတွင်း စွန့်ပစ်ခဲ့သည်ဟု တုတ်ဖြင့်ရိုက်ခဲ့သူ မဝေဝေလေး (ခ)မဝေလေးက ကနဦး ထွက်ဆိုခဲ့ကြောင်း ပုသိမ်မြို့မ ရဲစခန်းမှူးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပုသိမ်မြို့မ ရဲစခန်းက မဝေဝေလေး (ခ) မဝေလေးကို  ပြစ်မှုအမှတ် (ပ) ၅၄၁/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး ၎င်းနှင့်အတူ အလောင်း စွန့်ပစ်ရာတွင်ပါဝင်သည့် တပ်သား ဆန်းဝေကို စစ်ဆေး အရေးယူနိုင်ရန် မိခင်တပ်ရင်းသို့ ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစခန်းမှ တာဝန်ကျအရာရှိက ပြောကြားသည်။

R-12

  • VIA


FOLLOW US