News

POST TAGGED AS

ပုသိမ်

30-Dec-2017

ပုသိမ် NLD
ပါတီမှ ထုတ်ပယ်ခံရသည့် ပုသိမ် NLD ပါတီ ဒုတိယ ဥက္ကဋ္ဌကို ဒေသခံအချို့ ဂုဏ်ပြု

ပုသိမ်၊ ဒီဇင်ဘာ ၃၀

ပါတီမှ ထုတ်ပယ်ခံရသော ပုသိမ်မြို့နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဆန်းရွှေအား ဂုဏ်ပြုပွဲကို ငွေဆောင်ကမ်းခြေဒေသ ဆင်မကျေးရွာရှိ ဒေသခံ ၁၀ဝ ခန့်က ဒီဇင်ဘာလ ၃၀ ရက် နံနက်ပိုင်းက ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့သည်။

တရားမဝင် အရက်ရောင်းချနေမှုနှင့် ပတ်သက်သော ပါတီတွင်း တိုင်ကြားစာကို လူမှုကွန်ရက်ပေါ် တင်ခဲ့သော ဦးဆန်းရွှေကို အုပ်ချုပ်ရေးအဖွဲ့က တရားစွဲခဲ့ကြောင်း၊ ယင်းကြောင့် ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ကျခဲ့ပြီး ပါတီက ထုတ်ပယ်ခံရကြောင်း၊ ဒေသတွင်း ပါတီဝင်ဟောင်းအချို့က ပါတီဗဟို ခေါင်းဆောင်တစ်ဦး၏အမည်ကို အသုံးပြုကာ တရားမဝင် အရက် ရောင်းချနေမှုကို ဖော်ထုတ်ခဲ့ပြီး ဒေသအကျိုး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေ စိုးမိုးရေးများကို ဆောင်ရွက်ခဲ့သဖြင့် ဂုဏ်ပြုရခြင်းဖြစ်ကြောင်း ငွေဆောင်ဒေသခံများထံမှ သိရသည်။ 

“တရားဥပဒေ စိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အတူလုပ်ခဲ့ကြတာပါ၊ တကယ်တမ်းမှာတော့ သူတစ်ဦးတည်း ထောင်ကျပြီး ပါတီကပါ ထုတ်ပယ်အပြစ် ပေးခံရတော့ ကျွန်တော်တို့တွေ တာဝန် မကင်းသလို ခံစားရတယ်”ဟု ယင်းဒေသခံ ရပ်မိရပ်ဖ ဦးမျိုးခိုင်ကပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ပါတီဂုဏ်သိက္ခာ ထိခိုက်စေသည့် ပါတီတွင်း တိုင်ကြားစာကို လူမှုကွန်ရက်တွင် ရေးသားသဖြင့် ဦးဆန်းရွှေကို ပါတီမှ ထုတ်ပယ်ရခြင်းဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဦးသိန်းဆွေက ရှင်းပြသည်။

NLD ပါတီဝင် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ အတွင်းရေးမှူးတို့ပါဝင်သော NLD ပါတီ၏ တိုင်းအဆင့် ပုံမှန် အစည်းအဝေးများတွင် အစိုးရအဖွဲ့နှင့် ပါတီတွင်း လုပ်ငန်းဆိုင်ရာ မူဝါဒ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ မရှင်းလင်း မကျေလည်မှုများကို လွတ်လပ်စွာ ဆွေးနွေးခွင့်၊ ဝေဖန်မေးမြန်းတင်ပြခွင့်ရှိကြောင်း ၎င်းထံမှ သိရသည်။
 
ဒေသအကျိုးအတွက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သဖြင့် NLD ပါတီတွင် လုပ်ခဲ့ကြောင်း၊ ပြောစရာရှိသည်ကို ပြောခဲ့၍ ထောင်ကျခဲ့ခြင်းနှင့် ပါတီက အထုတ်ခံခဲ့ရခြင်းမှာ ဂုဏ်ပြုခံလို၍ မဟုတ်ကြောင်း၊ ယင်းအပေါ် နောင်တလည်း မရပါကြောင်း၊ နိုင်ငံရေးကို ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ပုသိမ်မြို့နယ် NLD ပါတီ ဒုတိယ ဥက္ကဋ္ဌဟောင်း ဦးဆန်းရွှေက ပြောသည်။ 

ပုသိမ်မြို့နယ် NLD ပါတီ ဒုတိယ ဥက္ကဋ္ဌဟောင်း ဦးဆန်းရွှေသည် ၂၀၁၀ ခုနှစ် မတိုင်မီကပင် NLD ပါတီဝင်ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ၊ ၂၀၁၃ ခုနှစ်တွင် ပုသိမ်ခရိုင် အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ပုသိမ်မြို့နယ် ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း ယင်းပါတီမှ သိရသည်။ 

R-12

  • VIA


FOLLOW US