News

POST TAGGED AS

ပုသိမ်

08-Dec-2017

ပုသိမ်
မီးလောင်နေသည်ဟု လုပ်ကြံလိမ်လည်၍ သတင်းပေးသူကို ဖမ်းဆီးအရေးယူ
ပုသိမ်၊ ဒီဇင်ဘာ ၈ ရက်

ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက် ရာမည ၂ လမ်းတွင် မီးလောင်နေသည်ဟု ဒီဇင်ဘာ ၆ ရက်နေ့ ညက လုပ်ကြံလိမ်လည်၍ ဖုန်းဖြင့်သတင်းပေးသူ အသက် ၂၃ အရွယ် လူငယ်တစ်ဦးကို ပုသိမ် နယ်မြေရဲစခန်းတွင် ယနေ့ (ဒီဇင်ဘာ ၈ ရက်) မွန်းလွဲပိုင်းက အမှုဖွင့် ဖမ်းဆီးအရေးယူထားပြီးဖြစ်ကြောင်း ယင်းရဲစခန်းမှသိရသည်။

ဖုန်းဖြင့် လုပ်ကြံလိမ်လည်၍ ပုသိမ်နယ်မြေ မီးသတ်စခန်းသို့ သတင်းပေးပို့သည့် ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက် ရတနာလမ်းနေ အသက် ၂၃ နှစ်အရွယ်ရှိ ကိုအောင်သူရိန်ကို သတင်းပို့ရာ အသုံးပြုခဲ့သော အော်ရီဒူး ဖုန်းနံပါတ်အရ Viber မှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ မည်သို့ကြောင့် ယခုကဲ့သို့ ပြုမူရသည်ကို စစ်ဆေးနေဆဲသာ ဖြစ်ကြောင်း ပုသိမ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဝင်းမြင့်က ပြောကြားသည်။

ယခုအခါ ပုသိမ်နယ်မြေ မီးသတ်စခန်းမှ တရားလိုပြု အမှုဖွင့် တိုင်ကြားလာသဖြင့် မီးသတ်တပ်ဖွဲ့ဆိုင်ရာ ဥပဒေပုဒ်မ ၃၆ ဖြင့် ပုသိမ် နယ်မြေရဲစခန်း ကိုအောင်သူရိန်ကို ဖမ်းဆီးအမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း စခန်းမှူး ရဲအုပ်အောင်ဝင်းမြင့်က ဆက်လက် ပြောကြားသည်။

ထိုနေ့ ညက ရပ်ကွက်အတွင်းသို့ မီးသတ်ကားများ ဥသြဆွဲ၍ ဝင်ရောက်လာသော်လည်း ရပ်ကွက်အတွင်း မည်သည့်နေရာမှ မီးလောင်ကျွမ်းခြင်း မီးထိတ်လန့်မှု ဖြစ်စေမည့် အမှိုက်မီးရှို့ခြင်း၊လယ်ကွင်းရိုးပြတ် မီးရှို့ခြင်းတို့ကို မပြုလုပ်ခဲ့ကြောင်း၊ မီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည့် မီးလောင်နေသည် ဆိုသည့်လမ်းမှာ ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့ဝင်များ ရှိနေသော ရပ်ကွက်အုပ်ချုပ်ရေးရုံးနှင့် အနီးဆုံးနေရာဖြစ်နေ၍ မီးလောင်မှုဖြစ်ပါက သိရှိရမည်ဖြစ်ကြောင်း အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

R-12

  • VIA


FOLLOW US